၂၉. ၈. ၂၀၂၅
Written by Nay Moe
ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်က PDF တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုမှာ PDF သုံးဦးအပါအဝင် လူငယ်ခြောက်ဦးစုပြီး မူးယစ်ဆေးသုံးနေတာကို PDF တွေက ပြန်ပြီးဖမ်းမိခဲ့ပေမဲ့ တရားခံတွေထဲမှာ PDF တွေပါနေလို့ အရေးမယူဘဲ ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖမ်းဆီးမှုဖြစ်စဥ်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်တစ်နေရာမှာ မူးယစ်ဆေးသုံးစွဲသူတွေကို ဩဂုတ် ၂၂ ရက် ည ၁၀ နာရီ ခန့်အချိန်က မူးယစ်ဆေးဖြန့်ဖြူးသုံးစွဲနေသူ လူငယ်တစ်စုကို RED GIANT အဖွဲ့၊ ABSDF အမှတ်( ၃ ) စစ်ကြောင်း၊ YGF လူငယ်ပြောက်ကြားတပ်ဖွဲ့နဲ့ ကိုထွန်းတောက်အဖွဲ့တွေက ဝင်ရောက်ပူးပေါင်းဖမ်းဆီးခဲ့ရာမှာ အရပ်သား (၃)ဦးနဲ့ PDF သုံးဦးအပြင် မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းမိခဲ့တာပါ။
ဒီနေရာမှာ ဖမ်းမိ PDF တွေဟာ မူးယစ်ဆေးသာမန်သုံးစွဲနေသူတွေမဟုတ်ဘဲ ဖြန့်ဖြူးရောင်းချသူတွေလို့ ဒေသခံတွေက ပြောဆိုသလို PDF တွေကိုယ်တိုင်က မူးယစ်ဆေး ဖြန့်ဖြူးသုံးစွဲနေတဲ့အပေါ် ဖမ်းဆီးတဲ့ PDF တွေက သန့်ရှင်းရေးလုပ်ခိုင်းတာမျိုး လူမှုရေးပြစ်ဒဏ်လောက်ပဲ ဟန်ပြပေးပြီး ပြန်လွှတ်လိုက်တယ်လို့လည်း MT News က စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က NUG ဩဇာခံ PDF အဖွဲ့ဖြစ်တဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ စိတ်ကြွဆေးသုံးသန်းခန့်နဲ့ ဘိန်းဖြူတွေကို သယ်လာနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅ က PDF သုံးဦးကို ဖမ်းမိတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)- ဟားခါးက ထုတ်ပြန်ခဲ့ပြီး ဒီလို ဘီလျံချီတဲ့ မူးယစ်ဆေးအများအပြား PDF တွေ ဖြန့်နေတာကို NUG က ဒီနေ့အထိ ထိထိရောက်ရောက် အရေးမယူသလို စုံစမ်းစစ်ဆေးမှုကိုလည်း လုပ်ဆောင် ထုတ်ပြန်တာမရှိဘဲ အခြားသော PDF တွေရဲ့ လူသတ်၊ မုဒိမ်း၊ ပြန်ပေးဆွဲမှုတွေ လျစ်လျူရှုထားသလိုမျိုး အမေ့ခံထားပါတယ်။




