၂၉. ၈. ၂၀၂၅
Written by Nyein Kyaw
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာ ၁ ရက်တွင် စတင်ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။
၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် ၂၀၀ ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၇ဝ၀ ကျပ် တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၅၂) နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် စက်တင်ဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ရောင်းချပေးမည်ဖြစ်သည်။
ကျောင်းတွင်းမှဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို သက်ဆိုင်ရာကျောင်းများမှ လည်းကောင်း၊ ပြင်ပမှဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှ လည်းကောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ် စေလွှတ်၍ လာရောက်ဝယ်ယူရမည်ဖြစ်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံများကို ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားသည်။
အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား ကျောင်းသူများအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများသည် လျှောက်လွှာတစ်စောင်ချင်းစီတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများကိုကပ်၍ မိမိတို့ကျောင်းအလိုက် ဖြေဆိုခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်သည်။
ပြင်ပမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့်သူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများနှင့် လျှောက်လွှာများဝယ်ယူပြီး ဖြေဆိုခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင် အဆိုပါ ငွေသွင်းတံဆိပ်ခေါင်းကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အတွင်း တင်သွင်းကြရမည်ဖြစ်သည်။
သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီပေးပို့ခြင်း မရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည်မဟုတ်ကြောင်း၊ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားတို့တွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့် ပြုမည်မဟုတ်သဖြင့် မိမိတို့ဖြေဆိုမည့် ဘာသာတွဲအလိုက်ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး ဖြေဆိုမည့်သူ ကိုယ်တိုင်ဖြည့်စွက် လျှောက်ထားကြရမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
