၂၉. ၈. ၂၀၂၅
Written by Nyein Kyaw
ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရေး အနည်းဆုံးတစ်ကွင်းတစ်စပ်တည်း ဧက ၃၀၀ စိုက်ပျိုးနိုင်မည့် Rice Export Zone များ ဖော်ဆောင်သွားမည်ဖြစ်ပြီး ယခုနွေစပါးရာသီတွင် မြို့နယ် ၁၀၀ ခန့်၌ Exporter ကုမ္ပဏီ ၅၀ ကျော်က ဧကသုံးသိန်းဝန်းကျင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရသည်။
Rice Export Zone များ ဖော်ဆောင်ရေးဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များနှင့် နိုင်ငံတကာသို့ ဆန်/ဆန်ကွဲ တင်ပို့နိုင်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဩဂုတ် ၂၈ ရက် ယမန်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၌ ကျင်းပပြုလုပ်ခဲ့ပြီး MRF ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ Exporter ကုမ္ပဏီများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေး၊ တောင်သူလယ်သမား၏ ကုန်ထုတ်လုပ်မှု စွမ်းအားတိုးတက်စေရေး၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် တောင်သူများနှင့် Exporter ကုမ္ပဏီများ စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် Rice Export Zone များ သတ်မှတ်ဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။
အဆိုပါ Rice Export Zone တစ်ခုလျှင် အနည်းဆုံး တစ်ကွင်းတစ်စပ်တည်း ဧက ၃၀၀ စိုက်ပျိုးရန်နှင့် Export မျိုးကွဲ ၃ မျိုးထက်မပိုစေရန်၊ သဘာဝနှင့် ဇီဝမြေဩဇာများ သုံးစွဲခြင်းစနစ်ကို အကောင်အထည်ဖော်ရန်၊ စပါးပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ရန်၊ Exporter ကုမ္ပဏီများနှင့် တောင်သူများ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အနည်းဆုံး သုံးရာသီ ပူးပေါင်း စိုက်ပျိုးထုတ်လုပ်ရန်၊ ပြည်ပပို့ကုန် ဆန်/ဆန်ကွဲ လေးတန်လျှင် Export Zone တစ်ဧက ရည်မှန်းပြီး စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
Rice Export Zone များအား မြို့နယ် ၁၀၀ ခန့်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးရာသီမှ စတင်၍ Exporter ကုမ္ပဏီ ၅၀ ကျော်မှ ဧကသုံးသိန်းဝန်းကျင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ နိုင်ငံတကာစျေးကွက်၌ ဆန်စျေးနှုန်းများ အလွန်ကျဆင်းနေချိန်တွင် Exporter များမှ Zone အတွင်း ပါဝင်သည့် စပါးစိုက်တောင်သူများထံမှ သင့်တင့်မျှတသော စပါးစျေးနှုန်းများဖြင့် ဝယ်ယူပေးခြင်းဖြင့် တောင်သူလယ်သမားအတွက် အရည်အသွေးပြည့်မီသည့် Export ဆန်စပါးများ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Zone အတွင်း ပါဝင်ဆောင်ရွက်သည့် တောင်သူလယ်သမားများအတွက် ပံ့ပိုးပစ္စည်းများကို ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူရရှိနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ် ငွေကြေးများ ပိုမိုထောက်ပံ့ရရှိရေး လယ်ယာမြေ အဆင့်မြှင့်တင်ရေးတို့ကိုလည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်။
ဆန်တင်ပို့သူ (Exporter) များ အတွက်လည်း ပြည်ပသို့ အရည်အသွေးမီသည့် ဆန်ပို့ကုန်များ ရရှိနိုင်ပြီး၊ Export Zone တွင် ပါဝင်သော တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေများ၊ Exporter များအတွက် နိုင်ငံတကာစျေးကွက် ရရှိရေးနှင့် Export Financing ရရှိရေးကိစ္စများ၊ Export Zone များအား စနစ်တကျ ကြီးကြပ်ကွပ်ကဲမည့် စနစ်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆက်လက်ကြိုးပမ်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။



