၂၇. ၈. ၂၀၂၅
Written by Phyo Wei
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံစစ်ပွဲကြောင့် အရင်က မြန်မာဒုက္ခသည်တွေကို ဒုက္ခသည်စခန်း အပြင်ဘက် အလုပ်လုပ်ခွင့်ပြုမထားပေမဲ့ လက်ရှိအချိန်မှာတော့ နှစ်နိုင်ငံစစ်ပွဲကြောင့် နေရပ်ပြန် ကမ္ဘောဒီးယားလုပ်သားတွေ နေရာ အစားထိုးဖို့၊ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့၊ ကျဆင်း စီးပွားရေး တွန်းအားပေးဖို့နဲ့ အလုပ်လက်မဲ့မှုကနေ ဖြစ်ပွားလာတဲ့ ခိုးဆိုးလုနှိုက်တွေကင်းဝေးပြီး လူမှုပတ်ဝန်းကျင် တည်ငြိမ်စေဖို့အတွက် ထိုင်းအစိုးရက မြန်မာဒုက္ခသည် ၄၂၀၀၀ ကို ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်ပြုမယ်ဆိုတဲ့ သတင်းကို ဒီတစ်ပတ်မှာ ကြားသိခဲ့ရသလို ဆီထွက်သီးနှံ စိုက်ပျိုးမှု ရည်မှန်းချက် မပြည့်မီနိုင်သေးလို့ နှစ်စဉ် ပြည်ပက စားအုန်းဆီ ဒေါ်လာသန်း ၅၀၀ ဖိုးခန့် တင်သွင်းနေရတယ်လို့ နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြားလာတာကိုလည်း တွေ့မြင်ရပါသေးတယ်။
အခြားတစ်ဖက်မှာဆိုရင်လည်း သက်ကြီးရွယ်အိုတွေကို နိုင်ငံတော်က ထောက်ပံ့ပေးတာ၊ မြန်မာလုပ်ငန်းရှင်တွေကို JFM က ဒုက္ခပေးဖို့ကြံစည်တာ၊ လက်ရှိမှာ ပို့ကုန်တင်ပို့တဲ့ကုမ္ပဏီအချို့ဟာ အခြားအမည်ခံကုမ္ပဏီတွေက ပို့ကုန်တင်ပို့နေတာ၊ ပို့ကုန်ရငွေတွေ ဘဏ်စာရင်းလုပ်ငန်းစဉ် ရှင်းလင်းခြင်းမရှိတာ ဖြစ်ပေါ်နေလို့ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေက ဘယ် Export Declaration အတွက် ဝင်ရောက်တယ်ဆိုတာကို ဘဏ်တွေမှာ အမြန်ဆုံးစာရင်းရှင်းဖို့အပါအဝင် အသိပေးချက် ၂၀ ကို ဗဟိုဘဏ် ထုတ်ပြန်လာတာ၊ သီလဝါအထူးစီးပွားရေးဇုန်အတွင်းက စက်ရုံတွေ အမှန်တကယ် အသုံးပြုဖို့လိုအပ်မယ့် ကုန်ကြမ်းပစ္စည်းကိုသာ တင်သွင်းဖို့ စီးပွား/ကူးသန်းဝန်ကြီး မှာကြားလာတာ၊ ကမ္ဘာ့ရွှေဈေးကျဆင်းလာလို့ ပြည်တွင်းရွှေဈေး သိသိသာသာ ပြန်ကျဆင်းလာပေမယ့်လည်း ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် ၁၆ သိန်းကျော် ပိုများနေသေးတာ၊ အခွန်ရုံးတွေအပေါ် ပြည်သူတွေ ပိုမိုယုံကြည်လာစေဖို့ အခွန်ငွေကောက်ခံရာမှာ အဂတိကင်းရှင်းစွာ ဆောင်ရွက်ဖို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး မှာကြားတာ စတဲ့ဖြစ်စဉ်တွေ မြင်တွေ့ရပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် ပြန်ပေးဆွဲ ငွေညှစ်ပြီး ရပ်တည်ဖို့ကြိုးပမ်းလာတဲ့ ရခိုင်လက်နက်ကိုင် AA အကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးအခြေအနေက ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ ဒွိဟအခြေအနေတွေအကြောင်းကို တင်ပြပေးချင်ပါတယ်။
◾️ ပြန်ပေးဆွဲ ငွေညှစ်ပြီး ရပ်တည်ဖို့ကြိုးပမ်းလာတဲ့ AA
လက်ရှိတပ်မတော်အစိုးရက အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ ရခိုင်အကြမ်းဖက်လက်နက်ကိုင် (AA) အဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အကြိမ်ကြိမ် ဖြတ်ကျော်ဝင်ရောက်ပြီး ကော့ဘဇားရ်မြို့နယ်၊ တက်နက်ဖ်မြို့က နတ်မြစ်နဲ့ ဘင်္ဂလား ပင်လယ်အော်ဒေသက ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေတွေကို သိမ်းဆည်းပြီး ငါးဖမ်းသမားတွေကို ပြန်ပေးဆွဲနေလို့ ဘင်္ဂလားဒေ့ရှ်ဒေသခံငါးဖမ်းအသိုင်းအဝိုင်းက ကြောက်ရွံ့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသလို AA ဟာ သြဂုတ်လ ၅ ရက်ကနေ ၂၆ ရက်အထိ ၂၁ ရက်တာကာလအတွင်း စုစုပေါင်း ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၄၆ ဦးကို လှေကြီး ၇ စင်းနဲ့ လှေငယ်တွေနဲ့ပါ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
နောက်ဆုံးဖြစ်ရပ်က မနေ့က သြဂုတ်လ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦးလိုက်ပါလာတဲ့ လှေတစ်စင်း ပင်လယ်ကပြန်လာချိန် ရှာပိုရီ ဒွပ် (Shah Porir Dwip) ဒေသ၊ နိုင်ကန်ဒီယာ (Naikhyangdia) ဧရိယာအရောက် AA က ဖမ်းဆီးသွားခဲ့တယ် တက်နက်ဖ်မြို့က ကယုခါလီယာ ဂတ် (Kayukkhalia Ghat) လှေပိုင်ရှင်များအသင်း အထွေထွေအတွင်းရေးမှူး အဘူလ် ကာလမ် (Abul Kalam) က The Business Standard (TBS) သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
AA ရဲ့ ဒီလုပ်ရပ်အပေါ် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူနဲ့ သုတေသီ ဗိုလ်မှူး (ငြိမ်း) အင်မ်ဒါဒူလ် အစ္စလာမ်က AA ဟာ ရခိုင်ပြည်နယ်က ဒေသအချို့ကို ထိန်းချုပ်ပြီးနောက်မှာ မြန်မာနိုင်ငံဘက်ခြမ်းထဲ အထီးကျန် ဖြစ်နေရတဲ့ အခြေအနေကြောင့် သူထိန်းချုပ်ဒေသတွင်းမှာ စားနပ်ရိက္ခာနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ ပြတ်လပ်နေတဲ့အတွက် ပြန်ပေးဆွဲငွေညှစ်မှု ကျူးလွန်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။
“AA ဟာ ငွေညှစ်ဖို့ နတ်မြစ်ပေါ်ကနေ ပြန်ပေးဆွဲတာနဲ့ လှေတွေ လုယူတာမျိုးတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နယ်ခြားစောင့်တပ်တွေက ဒီဖြစ်ရပ်တွေကို ထိန်းချုပ်ဖို့ ပိုမိုတင်းကျပ်ပြီး မဟာဗျူဟာမြောက်တဲ့ အစီအမံတွေကို ကျင့်သုံးရမှာ ဖြစ်ပါတယ်” လို့လည်း အစ္စလာမ်က ဆိုပါတယ်။
AA ဟာ ရခိုင်က မြို့နယ် ၁၄ ခုမှာ ဘူးသီးတောင်၊ မောင်တောနယ်စပ်ကို ထိန်းချုပ်ပြီးနောက်မှာ ဘင်္ဂါလီတွေကို လူကုန်ကူးတာ၊ သူရပ်တည်နိုင်ဖို့ အဓိကကျတဲ့ မူးယစ်ဆေးတွေကို မလေးရှားနိုင်ငံဆီပို့တာတွေအပြင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို ပြန်ပေးဆွဲ၊ ငွေညှစ်တာ၊ ပစ်သတ်တာတွေ လုပ်ကိုင်ပါတယ်။ ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို ပြန်ပေးဆွဲ၊ ငွေညှစ်တာကို AA က ၂၀၂၄ ခုနှစ်ထဲမှာ အဓိက စတင်လုပ်ကိုင်ခဲ့တာ တွေ့ရပြီး ၂၀၂၄ နိုဝင်ဘာ ၆ ရက် နေ့လယ် ၃ နာရီခွဲနှင့် ၄ နာရီကြားမှာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမား ၂၀ ကို ပြန်ပေးဆွဲခဲ့တာ၊ ဒီနှစ် ဖေဖော်ဝါရီလမှာ ၁၅ ဦးခန့် ထပ်မံဖမ်းစီးပြီး မတ်လမှာ ငါးဖမ်းသမား ၅၆ ဦး ထပ်မံပြန်ပေးဆွဲခဲ့တာတွေ လုပ်ခဲ့ပါသေးတယ်။
မြန်မာ့တပ်မတော်က နှစ်နိုင်ငံနယ်စပ်မှာ ထိန်းချုပ်ထားချိန် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေ မတော်တဆကျွံဝင်လာတာကို ခွင့်လွှတ်ပြီး ငါးခိုးဖမ်းတာပဲ ဖမ်းဆီးပေမဲ့ AA ကတော့ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အထိကို ဝင်ဖမ်းတာပါ။ ဒီလို ဝင်ဖမ်းတာက ရခိုင်လက်နက်ကိုင် AA ဟာ အကြမ်းဖက်သူပုန် စာမတတ်ပေမတတ်မို့ နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေလိုမျိုး နှစ်နိုင်ငံရေပိုင်နက်ပိုင်းခြားထားမှုအခြေအနေကို နားမလည်တာ၊ ပြန်ပေးဆွဲငွေညှစ်ပြီး သူထိန်းချုပ်ဒေသတွင်းမှာ ပြတ်လပ်နေတဲ့ စားနပ်ရိက္ခာနဲ့ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေရဖို့ ပြန်ပေးဆွဲငွေညှစ်မှုကျူးလွန်တာ စတာမျိုးတွေ လုပ်ကိုင်တာပါ။ ဒါပေမဲ့လည်း ဒ့ါထက်လေးနက်တဲ့ အကြောင်းအရာတစ်ခုကတော့ AA မှာ ရှိနေပြီး အဲဒီအကြောင်းအရာကတော့ AA ဟာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို လိုက်လံဖမ်းဆီးခြင်းအားဖြင့် နှစ်နိုင်ငံစစ်မဖြစ်ချင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက သူ့ကို မဖြစ်မနေ ထိတွေ့ဆက်ဆံလာရပြီး AA ဟာ ရခိုင်မြေကို သိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အိမ်နီးချင်းအစိုးရအဖြစ် အသိအမှတ်ပြုပေးဖို့ ကြိုးပမ်းတာမျိုးပါ။ AA ဟာ သူ့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက တရားဝင်လက်နက်ကိုင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကို မဖမ်းတော့ဘူးဆိုတဲ့အသွင်မျိုးနဲ့ တရားဝင်မှုရယူဖို့ ကြိုးပမ်းနေတာဖြစ်လို့ ဒီအခြေအနေကို ထိန်းကျောင်းဖို့နဲ့ တခြားသော နယ်စပ်အရေးကိစ္စအတွက် တပ်မတော်ဟာ ဘူးသီးတောင်၊ မောင်တောလို AA သိမ်းထားတဲ့ ဘောင်ကျော်ပြီး လူရာဝင်ချင်နေတဲ့ လုပ်ရပ်တွေ နှိမ်နင်းနိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့နယ်စပ်ဒေသတွေမှာ AA လိုမျိုး တခြားသော လက်နက်ကိုင်တွေ ရှိနေပေမယ့် AA လို ဘယ်လက်နက်ကိုင်ကမှ နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားအောင် လုပ်ဆောင်နေတာမျိုး မရှိတာနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း AA ရဲ့ ပြန်ပေးဆွဲမှုတွေလျော့ကျဖို့ အကြမ်းဖက်ပေမဲ့ ထိတွေ့ဆက်ဆံပါလို့ တွန်းအားပေးနေသူတွေ ရှိနေတာမို့လို့ အခြေအနေတွေ ဒါ့ထက်ပိုမရှုပ်ခင် ဘူးသီးတောင်၊ မောင်တောကို အစိုးရအာဏာစက်အောက် အမြန်ဆုံးပြန်လည်ထည့်သွင်းနိုင်ဖို့ ကြိုးပမ်းရပါလိမ့်မယ်။

◾️ နယ်စပ်ကုန်သွယ်ရေး ဒွိဟ
မြန်မာနိုင်ငံဟာ သြဂုတ်လ ၁၈ ရက်နေ့မှာ ကြိုတင်အသိပေးခြင်းမရှိဘဲ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်နဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို ပိတ်လိုက်တာကြောင့် ထိုင်းကုန်ပစ္စည်းတွေ အများအပြား ပိတ်ဆို့နေခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျာတူပွန်း ဘူရူစပတ်ကတော့ မြန်မာအစိုးရတာဝန်ရှိသူတွေက ကုန်ပစ္စည်းစစ်ဆေးမှုတွေနဲ့ မှောင်ခိုကုန်ကူးမှုတွေကို နှိမ်နင်းဖို့အတွက် နယ်စပ်ဂိတ်ကို ခေတ္တပိတ်လိုက်တာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီလိုပိတ်လိုက်တာကြောင့် ကုန်တင်ယာဉ်နဲ့ ကုန်ပစ္စည်းတွေ အများအပြား နယ်စပ်ဂိတ်မှာ ပိတ်မိနေခဲ့သလို ကုန်သွယ်မှုတန်ဖိုး ထိုင်းဘတ် ဘီလျံ ၁၃၀ လောက်ရှိတဲ့ ကုန်သွယ်မှုကို ခြိမ်းခြောက်နေသလို ကုန်သွယ်မှုပိုငွေဘတ်ဘီလျံ ၂၀ အထက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံအဖို့လည်း ကျဆင်းနေတဲ့ စီးပွားရေးကို အဖတ်ဆည်နိုင်ဖို့ ကြိုးပမ်းပေမဲ့ ဒီနေ့အထိတော့ ပိတ်ဆို့မှု ဆက်ရှိနေဆဲပါ။
ဒါပေမဲ့လည်း ထိုင်းနဲ့ မြန်မာနိုင်ငံက ချင်းရိုင်၊ တက်ခ်၊ ကန်ချနာဘူရီ၊ ရနောင်း အပါအဝင် ပြည်နယ် ၇ ခုမှာ နယ်စပ်ဂိတ် ၂၁ ခုရှိပါတယ်။ အဲဒီအထဲမှာ အမြဲတမ်းစစ်ဆေးရေးဂိတ် ၆ ခု၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးဂိတ် ၁၃ ခု၊ အထူးကုန်သွယ်ရေးဂိတ် ၁ ခုနဲ့ ကန်ချနာဘူရီပြည်နယ်က ဘုရားသုံးဆူပတ်လမ်းမှာ ယာယီခရီးသွားဂိတ် ၁ ခုတို့ ပါဝင်လို့ ဒီ မြ၀တီနယ်စပ်ဂိတ် တစ်သက်လုံးပိတ်လိုက်တောင် နှစ်နိုင်ငံကုန်သွယ်ရေးကို မထိခိုက်နိုင်သလို ပြည်တွင်းမှာလည်း ထိုင်းကုန်စည်တွေက ပြတ်တောက်စရာ မရှိပါဘူး။ ဒါပေမဲ့လည်း ဒီလိုမျိုး နယ်စပ်ဂိတ်ပိတ်တဲ့အပေါ် အစိုးရဘက်က ရှင်းလင်းထုတ်ပြန်ချက် တိတိကျကျမရှိတာကြောင့် ဝိသမလောဘသားတွေက ထိုင်းနယ်စပ်အားလုံးပိတ်ပြီး ထိုင်းကုန်စည်တွေ ပြတ်တောက်မယောင်နဲ့ စျေးတွေဆွဲတင်နေတာ၊ ရှိတဲ့ကုန်စည်တွေ ထုတ်မရောင်းတော့တာကြောင့် လူတွေက ကြောက်အားလန့်အားနဲ့ တက်စျေးမှာ တိုးဝှေ့ဝယ်နေတာကို မြင်ရပါတယ်။
တကယ်တမ်းမှာ မြန်မာအစိုးရက ဒီလိုမျိုး နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ခုကိုကြပ်မတ်တာက ဒီနယ်စပ်ဂိတ်ကနေတစ်ဆင့် KNU နဲ့ PDF တွေက ဆက်ကြေးကောက်ကြတာက နေ့စဥ် ကျပ်သိန်း ၁၅၀၀ အထက် ရရှိနေကြပြီး ဒီလို KNU နဲ့ PDF ရဲ့ လစဥ် ကျပ်သိန်း လေးသောင်းကျော် ဆက်ကြေးတွေဟာ နိုင်ငံနဲ့ပြည်သူ အကျိုးမဲ့စေတဲ့ စစ်ပွဲတွေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဖြစ်ပေါ်စေတာကြောင့်ပါ။ မြ၀တီဘက် ယာယီပိတ်ပေမဲ့ တစ်ဖက်မှာလည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုကို မြှင့်တင်ပေးနေသလို ကျန်နယ်စပ်ဂိတ် ၁၉ ခုကလည်း သွင်းကုန်တင်သွင်းမှုတွေ စနစ်တကျခွင့်ပြုပေးနေလို့ ဝိသမလောဘသားတွေ ကုန်စျေးနှုန်း စျေးကစား ဆွဲမတင်ရင် ပြည်တွင်းမှာ ထိုင်းကုန်ပစ္စည်း ပြတ်လပ်မှုနဲ့ စျေးနှုန်း အဆမတန်မြင့်တက်လာနိုင်မှု ဖြစ်နိုင်ခြေနည်းပါးပါတယ်။ နယ်စပ်ဂိတ်နှစ်ခုပဲပိတ်ဆို့တာကို ထိုင်းကုန်စည် ပြတ်တောက်မှုနဲ့ စျေးနှုန်းအဆမတန်မြင့်တက်လာရင်တော့ ဒီလိုမျိုး ဝိသမလောဘနဲ့ စျေးကစားသူကုန်သည်တွေကို တာဝန်ရှိသူတွေက ထိထိရောက်ရောက်ပြင်းပြင်းထန်ထန် စစ်ဆေးအရေးယူပေးဖို့လည်း လိုအပ်နေပါတယ်။ ပိုပြီး လိုအပ်တာက သတင်းထုတ်ပြန်မှုအပိုင်းနဲ့ အစိုးရလုပ်ဆောင်မှုအပိုင်းပါ။ မြ၀တီဘက်က ထိုင်းသွင်းကုန်တွေ ပိတ်တာဟာ ပြည်တွင်းစားသုံးသူတွေ ထိခိုက်မှာ မဟုတ်ကြောင်း၊ ပင်လယ်ရေကြောင်းနဲ့ အစားထိုး တင်သွင်းမှုအစီအမံတွေ လုပ်ဆောင်ထားကြောင်း၊ ဝိသမလောဘသားလုပ်ငန်းရှင်တွေ သွင်းကုန်မတင်ဘဲ ယုတ်မာပြီးစျေးကစားရင် အစိုးရက စနစ်တကျကြပ်မတ်တင်သွင်းပြီး ကုန်စျေးနှုန်းတည်ငြိမ်အောင် ထိန်းထားနိုင်ကြောင်းတွေ ထုတ်ပြန်ပေးဖို့ပါ။ ဒါပေမဲ့ ဒီလိုမျိုး အချိန်နဲ့တစ်ပြေးညီလုပ်ရပ်တွေ ဘယ်တော့မှ မလုပ်နိုင်သလို နောက်ကျလုပ်ဆောင်မှုတွေကြောင့် ၀ုန်းကနဲဆို ဝိသမလောဘသားတွေက သတင်းအမှားတွေနဲ့ ကုန်စျေးနှုန်းဆွဲတင်လိုက်၊ ပြည်သူတွေက ကျောကော့သွားအောင်ခံစားရလိုက်နဲ့ အဆိုးကျော့သံသရာထဲမှာ ဝဲဩဃလည်နေရတာဟာ အစိုးရအတွက်ရော တိုင်းပြည်အတွက်ပါ အနုတ်လက္ခဏာဖြစ်တယ်ဆိုတာ တွေးတောချိန်ဆပါလို့ အကြံပေးရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
