◾️ PR မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းစာရင်း ဦးစားပေးတင်သွင်းရခြင်းသည် Closed List PR စနစ်ဖြစ်၍ ကိုယ်စားလှယ်လောင်းအရေအတွက်အတိုင်း ဦးစားပေးအစီအစဉ်ဖြင့် ရွေးကောက်တင်မြှောက်ခြင်းကြောင့်ဟု ဆို
◾️ အမျိုးသားလွှတ်တော်အတွက် တိုင်းနှင့်ပြည်နယ်တစ်ခုတွင် ကိုယ်စားလှယ် ၁၂ ဦးကျ ရွေးချယ်ရာတွင် FPTP စနစ်ဖြင့် ၆ ဦးနှင့် PR စနစ်ဖြင့် ၆ ဦး ရွေးကောက်တင်မြှောက်မည်
၂၇. ၈. ၂၀၂၅
Written by Nyein Kyaw
PR စနစ်အတွက် မဲပေးစရာမလိုဘဲ FPTP မဲဆန္ဒနယ်များတွင် ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များရသည့်မဲများကို PR မဲဆန္ဒနယ်အတွက် ပါတီမှရသည့်မဲများအဖြစ် ပေါင်းစည်းပြီး အချိုးကျတွက်ချက်၍ PR ဘက်ရှိ ပါတီကိုယ်စားပြု ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။
အမျိုးသားလွှတ်တော်တွင် မဲဆန္ဒနယ်များခွဲထားရာတွင် FPTP နှင့် MMP အတွက်ပါ မဲဆန္ဒရှင်၏ မဲတစ်ပြားကို အဆိုပါ စနစ်နှစ်ခုအတွက် နှစ်ကြိမ်ထည့်သွင်းရေတွက်ပြီးမှ ရာခိုင်နှုန်းအလိုက် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်/ပါတီကို ရွေးချယ်မည်လားဟု မီဒီယာများ၏ မေးမြန်းမှုအပေါ် UEC က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
“MMP စနစ်ဆိုတာ FPTP စနစ်နဲ့ PR စနစ် ၂ မျိုး ပေါင်းစပ်ထားတာဖြစ်ပြီး FPTP ကိုယ်စားလှယ် ရွေးချယ်နိုင်ဖို့ ယခင်ရွေးကောက်ပွဲများမှာ FPTP စနစ်နဲ့ မဲပေးတဲ့ပုံစံအတိုင်း အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် FPTP မဲဆန္ဒနယ်က မိမိကြိုက်နှစ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်တည်း မဲပေးရမှာဖြစ်ပါတယ်။ PR စနစ်အတွက် သီးခြားမဲပေးရန် မလိုပါဘူး။ FPTP မဲဆန္ဒနယ်က ရရှိတဲ့ မဲတွေအရ မဲအများဆုံးရရှိတဲ့ ကိုယ်စားလှယ်လောင်းက သက်ဆိုင်ရာ FPTP မဲဆန္ဒနယ်မှာ အနိုင်ရရှိမှာဖြစ်ပါတယ်။ PR မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်ရွေးချယ်နိုင်ရေး သက်ဆိုင်တဲ့ FPTP မဲဆန္ဒနယ်များမှာ ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေရတဲ့ မဲတွေကို PR မဲဆန္ဒနယ်အတွက် ပါတီကရတဲ့ မဲတွေအဖြစ် ပေါင်းစည်းပြီး အချိုးကျတွက်ချက်၍ PR ဘက်ခြမ်းက ပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက် ပေးမှာ ဖြစ်ပါတယ်” ဟု UEC က ဖြေကြားထားသည်။
ပါတီများအနေဖြင့် PR မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို UEC ထံ ဦးစားပေးတင်သွင်းပေးရမည်ဆိုခြင်းသည် မည်သို့ကြောင့်နည်းဟု မေးမြန်းမှုအပေါ် UEC က “နိုင်ငံရေးပါတီများအနေနဲ့ PR မဲဆန္ဒနယ်တွေအတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းတင်သွင်းလွှာတွေကို သတ်မှတ်တဲ့အတိုင်း သတ်မှတ်ထားတဲ့ ကော်မရှင်အဖွဲ့ခွဲတွေမှာ တင်သွင်းရမှာဖြစ်ပါတယ်။ Closed List PR စနစ် အသုံးပြုမှာဖြစ်လို့ ရွေးကောက်တင်မြှောက်ရမယ့် ကိုယ်စားလှယ်လောင်း အရေအတွက်အတိုင်း ဦးစားပေးအစီအစဉ်ဖြင့် အမည်စာရင်းကိုလည်း ကော်မရှင်ကို တင်ပြရမှာဖြစ်ပါတယ်။ Closed List PR စနစ်နဲ့ တွက်ချက်တဲ့အခါမှာ သက်ဆိုင်ရာ PR မဲဆန္ဒ နယ်အလိုက် နိုင်ငံရေးပါတီအသီးသီးကရရှိတဲ့ ခိုင်လုံမဲစုစုပေါင်းကို Quota စနစ်၊ ကြွင်းကျန်မဲအများဆုံးစနစ် (The Largest Remainder Method) တွက်ချက်ပြီး နိုင်ငံရေးပါတီများက တင်ပြထားတဲ့ အမည်စာရင်း ဦးစားပေး အစီအစဉ်အတိုင်း ရွေးကောက်တင်မြှောက်ခံရမှာ ဖြစ်တဲ့အတွက် ကိုယ်စားလှယ် လောင်းစာရင်းကို ဦးစားပေးအစီအစဉ်အတိုင်း ကော်မရှင်ကို အမည်စာရင်း တင်ပြရမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်” ဟု ဖြေကြားထားသည်။
အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်များ ခွဲခြားထားရာတွင် ဥပမာ ဝိုင်းမော်မြို့သည် FPTP တွင် မဲဆန္ဒနယ်အမှတ် ၅ အဖြစ်ပါနေပြီး PR အချိုးကျ ကိုယ်စားပြုမဲဆန္ဒနယ် အမှတ် ၂ တွင်လည်း ဝိုင်းမော်မြို့နယ် ပါဝင်နေပြီး UEC က လူတစ်ဦးကို မဲတစ်ကြိမ်သာ ပေးရမည်ဟု ထုတ်ပြန်ထားသည်။
