
၂၇.၈.၂၀၂၅.
Translated by Htwe Ko Tun
ဂျပန်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေဟာ လုံခြုံရေး၊ စီးပွားရေးနဲ့ လူသားအရင်းအမြစ်ဖလှယ်ရေး နယ်ပယ်တွေမှာ အလေးပေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် အခု ရက်သတ္တပတ်နှောင်းပိုင်းမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ စီစဉ်ထားတယ်လို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေက ဩဂုတ်လ ၂၇ ရက်မှာ ပြောကြားခဲ့ကြပါတယ်။
ဂျပန်၀န်ကြီးချုပ် ရှီဂီရူ အီရှီဘာနဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ တို့ဟာ ဩဂုတ်လ ၂၉ ရက်မှာ တိုကျိုမြို့ကို လာရောက်ကြတဲ့အခါ လာမယ့် ၁၀ နှစ်တာကာလအတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်စေရေး “ပူးတွဲမျှော်မှန်းချက်” ကို တင်ပြကြဖို့ မျှော်လင့်ထားကြတယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဂျပန်အစိုးရက လက်ရှိအခြေအနေကို အင်အားသုံးပြီးတော့ တစ်ဖက်သတ် ပြောင်းလဲစေဖို့လုပ်ဆောင်မှုတွေအပေါ် နှစ်နိုင်ငံစလုံးကဆန့်ကျင်မှုနဲ့ တရုတ်ရဲ့ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့မှာ စစ်ရေးလှုပ်ရှားမှုတွေ မြှင့်တင်လာတာကို အန္တရာယ်ရှိတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ရပ်တွေအနေနဲ့ သူတို့ရဲ့ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေကိုပါ ကြေညာချက်မှာ ထည့်သွင်းဖို့ ကြိုးပမ်းနေတယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောခဲ့ပါသေးတယ်။
အဆိုပါကြေညာချက်မှာ အီရှီဘာနဲ့ မိုဒီ တို့ဟာ အမေရိကန်နဲ့ ဩစတြေးလျတို့ အပါအဝင် လေးနိုင်ငံပါဝင်တဲ့ Quad အဖွဲ့ဝင်တွေအကြားမှာ ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ လည်း သဘောတူကြလိမ့်မှာဖြစ်ပြီး Quad ရဲ့ လေးလမ်းသွားမူဘောင်ဟာ ရေရှည်တည်တံ့တဲ့ ဒေသတွင်းအဖွဲ့တစ်ခုအဖြစ် ပြောင်းလဲနေပြီလို့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ကြပါတယ်။
အဆိုပါ ပူးတွဲမျှော်မှန်းချက်မှာ နှစ်နိုင်ငံအစိုးရတွေဟာ စီးပွားရေး၊လုံခြုံရေး၊ ရွေ့လျားသွားလာမှုနဲ့ ပြည်သူအချင်းချင်းအပြန်အလှန်ဆက်ဆံမှု စတဲ့ ဦးစားပေးပူးပေါင်းဆောင်ရွက်မယ့် ကဏ္ဍရှစ်ခုကို ရွေးချယ်သတ်မှတ်သွားမှာလည်း ဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ လာမယ့် ဆယ်စုနှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ ပုဂ္ဂလိကကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ယန်း ၁၀ ထရီလျံ (ဒေါ်လာ ၆၈ ဘီလျံ) အထိ မြှင့်တင်သွားဖို့နဲ့ အိန္ဒိယနဲ့ လာမယ့်ငါးနှစ်အတွင်း ပြည်သူအရင်းအမြစ် ဖလှယ်မှု ၅၀၀,၀၀၀ အထိ တိုးမြှင့်သွားဖို့လည်း မျှော်မှန်းချက်အရ ရည်မှန်းထားတယ်လို့ သိရပါတယ်။
အရေးကြီးတဲ့ ဓာတ်သတ္တုတွေ တည်ငြိမ်စွာရရှိရေးလို စီးပွားရေးလုံခြုံရေး စိန်ခေါ်မှုတွေကို ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ခြေလှမ်းသစ်ကိုလည်း ထူထောင်သွားမယ်လို့ သတင်းရင်းမြစ်တွေက ဆိုခဲ့ပါသေးတယ်။
မြို့တော်တိုကျိုမှာ ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကျင်းပပြီးတဲ့နောက်မှာတော့ အီရှီဘာနဲ့ မိုဒီတို့ဟာ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီယာဂီ စီရင်စုကို ဩဂုတ်လ ၂၉ ရက်မှာသွားရောက်ပြီး ဂျပန် နိုင်ငံရဲ့ ရှင်ကန်ဆန်ကျည်ဆန်ရထားနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေအဓိကထုတ်လုပ်တဲ့ Tokyo Electron Ltd. ရဲ့ ထုတ်လုပ်မှုအခြေစိုက်စခန်းတို့ကို ကြည့်ရှုလေ့လာဖို့ သွားရောက်ကြမယ်လို့လည်း သိရပါတယ်။
Ref-Kyodo News
