
၂၇. ၈.၂၀၂၅
Written by Hey Mar
နေပြည်တော်၊ တပ်ကုန်းမြို့အရှေ့၊ ရှမ်းရိုးမတောင်ပေါ်ဒေသက ပေါင်းလောင်းမြို့သစ်
သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာမှာ မနေ့က ဩဂုတ် ၂၆ ရက်နေ့ကနေ ၂၇ ရက်နေ့မနက်ခင်းအထိ တစ်ညလုံး မိုးရွာသွန်းခဲ့တာကြောင့် တောင်ကျရေ စီးဆင်းလို့ တောင်ပြိုကာ အိမ်ခြေတချို့ပျက်စီးပြီး လူသေဆုံးမှု ဖြစ်ခဲ့တယ်လို့ မြေပြင်အကူအညီသွားရောက်နေတဲ့ ဓမ္မရောင်ခြည် ဖောင်ဒေးရှင်းကနေ သိရပါတယ်။
မိုးများပြီး တောင်ကျရေစီးကာ တောင်ပြိုမှုကြောင့် အဆိုပါကျေးရွာက အိမ်ခြေ ၁၀ လုံး ရေနဲ့အတူမျောပါ ပျက်စီးပြီး အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ လက်ရှိမှာတော့ နယ်မြေခံတပ်က သွားရောက်ရှင်းလင်းကူညီနေတဲ့အတွက် ရုပ်အလောင်းတွေ ပြန်လည်တွေ့ရှိပြီလို့လည်း သိရပါတယ်။
ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်ဒေးရှင်းမှ တာဝန်ရှိသူက “တောင်ပြိုထားတော့ လမ်းတွေက သွားလို့မရပါဘူး။ ကားနဲ့ လုံးဝ တက်လို့ မရသေးလို့ အခုကျွန်တော်တို့ ရှေ့ပြေးအဖွဲ့တွေကတော့ ဆိုင်ကယ်နဲ့ သွားနေပါတယ်။ လမ်းတွေကူရှင်းပြီး ကားသွားလို့ ရအောင် အရင်ဆုံး လူအားနဲ့ပဲသွားဆောင်ရွက်ကြမှာပါ။ အိမ်တွေလည်းပျက်၊ လူတွေလည်းထိ၊ ရေလည်း ဝင်ထားတော့ သောက်ရေကတော့ အရေးပေါ်လိုအပ်နေမှာပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်းငယ်ဟာ လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေကို ဖြတ်ကျော်လျက်ရှိနေပါတယ်။ မုန်တိုင်းအကြွင်းအကျန်တွေ ဝင်လာနေတာမို့ မြန်မာပြည်အရှေ့ပိုင်းက ပြည်နယ်၊ တိုင်းအားလုံး သတိပြုကြဖို့လည်း မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
သြဂုတ် ၂၉ ရက်နေ့ကျော်ရင်တော့ မိုးရွာသွန်းမှု ပြန်လည်လျော့နည်းသွားပြီး အရှေ့ဘက်က လေဖိအားနည်းရပ်ဝန်းအသစ်တစ်ခုထပ်မံဖြစ်ပေါ်လာနိုင်တာကြောင့် စက်တင်ဘာလဆန်းပိုင်း ၁ ရက် မှ ၅ ရက်လောက်အထိ မိုးတစ်ကြိမ်ပြန်များနိုင်မယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
