◾️ ရခိုင်ပြည်နယ်၏ အချို့သောဒေသများကို ထိန်းချုပ်ပြီးနောက် အထီးကျန် ဖြစ်လာနေသည့် AA က ဒေသတွင်းတွင် စားနပ်ရိက္ခာနှင့် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများ ပြတ်လပ်နေသည့်အတွက် ပြန်ပေးဆွဲငွေညှစ်မှု ကျူးလွန်နေ
◾️ AA ၏ ပြန်ပေးဆွဲမှုများကြောင့် ဘင်္ဂလားဒေ့ရှ် ဒေသခံငါးဖမ်းအသိုင်းအဝိုင်းတွင် ကြောက်ရွံ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေ
၂၇. ၈. ၂၀၂၅
Translated by Nay Moe
ရခိုင်အကြမ်းဖက်လက်နက်ကိုင် (AA) အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ အကြိမ်ကြိမ် ဖြတ်ကျော်ဝင်ရောက်ပြီး ကော့ဘဇားမြို့နယ်၊ တက်နက်ဖ်မြို့ရှိ နတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်ဒေသတို့မှ ငါးဖမ်းလှေများကို သိမ်းဆည်းကာ ငါးဖမ်းသမားများကို ပြန်ပေးဆွဲနေသဖြင့် ဘင်္ဂလားဒေ့ရှ်ဒေသခံ ငါးဖမ်းအသိုင်းအဝိုင်းတွင် ကြောက်ရွံ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်။
နောက်ဆုံးဖြစ်ရပ်သည် ယမန်နေ့ သြဂုတ်လ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၆ ဦးနှင့် ၎င်းတို့၏လှေတစ်စင်း ပင်လယ်မှပြန်လာစဉ် ရှာပိုရီ ဒွပ် (Shah Porir Dwip) ဒေသရှိ နိုင်ကန်ဒီယာ (Naikhyangdia) ဧရိယာအရောက် AA က ဖမ်းဆီးသွားခဲ့သည်ဟု တက်နက်ဖ်မြို့ရှိ ကယုခါလီယာဂတ် (Kayukkhalia Ghat) လှေပိုင်ရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး အဘူလ်ကာလမ် (Abul Kalam) က The Business Standard (TBS) သတင်းဌာနကို ပြောကြားခဲ့သည်။
လှေပိုင်ရှင်များနှင့် ငါးဖမ်းသမားများ၏ ပြောကြားချက်အရ လွန်ခဲ့သည့် လေးရက်အတွင်းမှာပင် အနည်းဆုံး ငါးဖမ်းသမား ၃၉ ဦးကို AA က ပြန်ပေးဆွဲခဲ့သည်။ သြဂုတ်လ ၅ ရက်နေ့မှစ၍ ၂၁ ရက်အတွင်း စုစုပေါင်း ငါးဖမ်းသမား ၄၆ ဦးကို လှေကြီး ၇ စင်းနှင့် လှေငယ်များပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်မျှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။
AA ၏ ပြန်ပေးဆွဲမှုများကြောင့် နတ်မြစ်ကိုဖြတ်၍ ဘင်္ဂလားပင်လယ်အော်တွင် ငါးဖမ်းသည့် တက်နက်ဖ်မြို့မှ လှေပိုင်ရှင်နှင့် ငါးဖမ်းသမား ၄,၀၀၀ ကျော်သည် အလွန်အမင်း စိုးရိမ်ပူပန်မှုများနှင့် နေထိုင်နေကြရသည်။ ၎င်းတို့က နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များအား ထိုဒေသတွင် ကင်းလှည့်မှုများ ပိုမိုလုပ်ဆောင်ပေးရန် အာဏာပိုင်များအား တိုက်တွန်းထားသည်။
တက်နက်ဖ်မြို့နယ်အုပ်ချုပ်ရေးမှူး ရှိတ် အေဆန်အူဒင်က“ကျွန်တော်တို့ ဒီဖြစ်ရပ်တွေအကြောင်း ကြားသိရပါတယ်။ AA လက်နက်ကိုင်တွေဟာ ပင်လယ်ကနေ ပြန်လာတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတွေကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး သူတို့ရဲ့လှေတွေပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်” ဟု ပြောသည်။
AA ၏ ပြန်ပေးဆွဲမှုနှင့် စပ်လျဉ်းပြီး ကမ်းခြေစောင့်တပ်ဖွဲ့၊ တက်နက်ဖ်စခန်းမှူးနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) တပ်ရင်း-၂ တပ်ရင်းမှူးတို့ကို ဆက်သွယ်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။
လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူနှင့် သုတေသီ ဗိုလ်မှူး (ငြိမ်း) အင်မ်ဒါဒူလ် အစ္စလာမ်က AA သည် ရခိုင်ပြည်နယ်၏ အချို့သောဒေသများကို ထိန်းချုပ်ပြီးနောက် မြန်မာနိုင်ငံတွင် အထီးကျန် ဖြစ်နေသည်ဟု ဆိုသည်။ ထိုအခြေအနေကြောင့် AA က ဒေသတွင်းတွင် စားနပ်ရိက္ခာနှင့် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများ ပြတ်လပ်နေသည့်အတွက် ပြန်ပေးဆွဲငွေညှစ်မှု ကျူးလွန်နေသည်ဟု ထောက်ပြခဲ့သည်။
“AA ဟာ ငွေညှစ်ဖို့ နတ်မြစ်ပေါ်ကနေ ပြန်ပေးဆွဲတာနဲ့ လှေတွေ လုယူတာမျိုးတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။ “ကျွန်တော်တို့ရဲ့ နယ်ခြားစောင့်တပ်တွေက ဒီဖြစ်ရပ်တွေကို ထိန်းချုပ်ဖို့ ပိုမိုတင်းကျပ်ပြီး မဟာဗျူဟာမြောက်တဲ့ အစီအမံတွေကို ကျင့်သုံးရမှာ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
Ref ., TBS
