၂၆.၈.၂၀၂၅
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံမြောက်ဘက် အလယ်ပိုင်းကမ်းရိုးတန်းကိုဖြတ်လျက် နိုင်ငံ၏အလယ်ပိုင်း ပြည်နယ်များသို့ ဩဂုတ်လ ၂၅ ရက် မွန်းလွဲပိုင်းက ကုန်းတွင်းဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်း ကာဂျီကီ (Typhoon Kajiki) ကြောင့် နိုင်ငံအတွင်းမိုးသည်းထန်စွာရွာသွန်း၍ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများလည်းဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ သုံးဦးသေဆုံးခဲ့ရပြီး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ဩဂုတ်လ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တိုင်ဖွန်းကာဂျီကီက အိမ်အလုံးရေ ၇,၀၀၀ နီးပါးကို ထိခိုက်ပျက်စီးစေခဲ့ကာ စပါးစိုက်ပျိုးခင်း ဟက်တာ ၂၈,၈၀၀ မှာလည်း ရေလွှမ်းမိုးခံခဲ့ရပြီး သစ်ပင် ၁၈,၀၀၀ ပြိုလဲကျခဲ့ကြောင်း အစိုးရကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။
ထို့ပြင် ဓာတ်တိုင် ၃၃၁ တိုင် လဲကျခဲ့ပြီး သန်ဟို၊ ငယ်အန်း၊ ဟာသင်း၊ ထိုင်းငုရင်နှင့် ဖူတို ပြည်နယ်များတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြီးမားစွာ ဖြစ်ပေါ်ခဲ့ရသည်။
မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့တော် ဟနွိုင်၏လမ်းများပေါ်တွင်လည်း ကြီးမားစွာ ရေလွှမ်းမိုးနေသည်ကို ဩဂုတ်လ ၂၆ ရက်နံနက်တွင် တွေ့ကြရသည်။
ဗီယက်နမ်နိုင်ငံအတွင်း ဩဂုတ်လ ၂၅ ရက်မွန်းလွဲပိုင်းတွင် ကုန်းတွင်းဝင်ရောက်ခဲ့သော တိုင်ဖွန်း ကာဂျီကီက ဩဂုတ်လ ၂၅ ရက် ညသန်းခေါင်ခန့်တွင် နယ်စပ်ကိုဖြတ်လျက် လာအိုနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ အပူပိုင်းမုန်တိုင်းအဆင့်သို့ အားလျော့သွားခဲ့သည်။ လေတိုက်နှုန်း ပြင်းအားတစ်နာရီ မိုင် ၆၀ ခန့်ရှိ အပူပိုင်းမုန်တိုင်း ကာဂျီကီက အနောက်ဘက်သို့ ဆက်လက်ရွေ့ရှားကာ ဩဂုတ်လ ၂၆ ရက် ညနေပိုင်းတွင် အားပျော့ပျက်ပြယ်သွားမည်ဟု ရာသီဥတုခန့်မှန်းချက်များက ဆိုသည်။
သို့သော် မုန်တိုင်းအကြွင်းအကျန်များက ထိုင်းနိုင်ငံမြောက်ပိုင်းဒေသသို့ ဩဂုတ်လ ၂၆ ရက် ည သန်းခေါင်ခန့်တွင် ဆက်လက်ဝင်ရောက်ကာ တစ်နာရီလျင် လေတိုက်နှုန်း ၂၅ မိုင်ခန့်ဖြင့် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်အရှေ့ပိုင်းနယ်စပ်ဒေသများအထိ ဩဂုတ် ၂၇ ရက်တွင် မိုးသည်းထန်စွာရွာနိုင်ကြောင်း ရာသီဥတု ခန့်မှန်းချက်များက ဖော်ပြခဲ့သည်။
Ref-CNA




