◾️ မြေပဲဆီဈေးနှုန်းသည် ထုတ်လုပ်မှုစရိတ်များသည့်အတွက် လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်စေရန် ဆီထွက်သီးနှံ ကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာစေရေးအတွက် ဆီထွက်သီးနှံစုံ တိုးချဲ့စိုက်ပျိုးရေးကို မူဝါဒတစ်ခုအဖြစ် ဆောင်ရွက်မည်

၂၅. ၈. ၂၀၂၅
Written by Nyein Kyaw
ဆီထွက်သီးနှံများကို အထူးဇုန်များ သတ်မှတ်စိုက်ပျိုးလျက်ရှိသော်လည်း ရည်မှန်းချက် မပြည့်မီနိုင်သေး၍ နှစ်စဉ် ပြည်ပမှ စားအုန်းဆီ ဒေါ်လာသန်း ၅၀၀ ဖိုးခန့် တင်သွင်းနေရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယနေ့ ပြုလုပ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးရေးကော်မရှင် (၄/၂၀၂၅) အစည်းအဝေးတွင် ပြောကြားသည်။
ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ဆောင်ရွက်ရေးသည် အရေးကြီးသည့်အတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် နေကြာတို့ကို အထူးဇုန်များ သတ်မှတ်စိုက်ပျိုးလျက်ရှိသော်လည်း ရည်မှန်းချက် မပြည့်မီနိုင်သေးကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၁ ဒသမ ၃ သန်းအတွက် လူတစ်ဦး တစ်နှစ် ၆ ပိသာနှုန်းဖြင့် တွက်ချက်ပါက ဆီတန်ချိန် ၅ သိန်းလိုအပ်မည်ဖြစ်ကြောင်း၊ လက်ရှိစိုက်ပျိုးနေသော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်းသီနှံများ၏ ထွက်ရှိမှုအရ စားသုံးဆီ ထုတ်လုပ်ခဲ့သော် နိုင်ငံတွင်ဖူလုံနိုင်သည်ဟု ခန့်မှန်းတွက်ချက် ရနိုင်သော်လည်း မြေပဲ၊ နှမ်း သီးနှံများမှာ လုံးဆန်အနေဖြင့်လည်း စားသုံးကြသည့်အပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချ လျက်ရှိသောကြောင့် ပြည်တွင်း ဆီဖူလုံရေးအတွက် လိုအပ်ချက်ရှိမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
သို့ဖြစ်၍ စားသုံးဆီအဖြစ်သာ သုံးစွဲနိုင်မည့် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးရန် လိုအပ်လျက်ရှိပါကြောင်း၊ ယခုအခါ နှစ်စဉ် ပြည်ပမှ စားအုန်းဆီ အမေရိကန်ဒေါ်လာသန်း ၅၀၀ ဖိုးခန့် တင်သွင်းနေရသည့်အတွက် ပြည်ပမှ စားသုံးဆီတင်သွင်းမှု လျော့ကျစေရေးအတွက် ပြည်တွင်း၌ ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
လက်ရှိတွင် ပြည်တွင်းဆီဖူလုံရေး ဆောင်ရွက်ရာတွင် မြေပဲဆီဈေးနှုန်းသည် ထုတ်လုပ်မှု စရိတ်များသည့်အတွက် စားသုံးသူများအနေဖြင့် လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်စေရန် ပြည်တွင်းဆီစက်များ ဆက်လက်ရှင်သန်နိုင်ရေး၊ ဆီထွက်သီးနှံ ကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာစေရေးအတွက် ဆီထွက်သီးနှံစုံ တိုးချဲ့စိုက်ပျိုးရေးကို မူဝါဒတစ်ခုအဖြစ် ဆောင်ရွက် သွားရမည်ဖြစ်သဖြင့် စိုက်ဧရိယာပိုမိုတိုးတက်ရေးနှင့် သီးထပ်စွမ်းအား တိုးတက်ရန်ဆောင်ရွက်ရေးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
