
၂၅.၈ .၂၀၂၅
Written by Hey Mar
စိတ်ကျန်းမာရေးမကောင်းတဲ့ သားဖြစ်သူကို သံကြိုးနဲ့ချည်ကာ အိမ်မှာ တစ်ယောက်တည်းထားခဲ့စဉ် အိမ်မီးလောင်ကာ သားသေဆုံးလို့ မိခင်ဖြစ်သူ အမှုဖွင့်အရေးယူခံရမှု ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၈ နာရီ ၁၈ မိနစ်အချိန်ခန့်က မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေး ရပ်ကွက်၊ မဉ္ဇူသကလမ်းရှိ နေအိမ်တစ်အိမ်မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါ စိတ်ဝေဒနာသည် အမျိုးသားမှာ အသက် ၃၇ နှစ်အရွယ်လို့ သိရပါတယ်။ အိမ်သားတွေ အပြင်သွားရောက်ချိန် မိခင်ဖြစ်သူက နေအိမ်အတွင်းခန်းထဲ တစ်ဦးတည်း သံကြိုးနဲ့ သော့ခတ်ချည်နှောင်ထားခဲ့စဉ် ဂတ်စ်မီးခြစ်နဲ့ ဆော့ကစားတာကြောင့် အနီးရှိ ဝါးထရံကို မီးကူးစက်ကာ နေအိမ်မီးလောင်ခဲ့တာလို့ သိရပါတယ်။




မီးလောင်မှု ဖြစ်ပွားတဲ့ နေရာဆီ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သုဂတိရှင် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူက “ကျွန်တော်တို့ရောက်တော့ မီးလောင်ကျွမ်း နေတဲ့ ရုပ်အလောင်းကို သယ်ဆောင်ပြီး ကျောက်ပန်းတောင်းဆေးရုံကြီး ပို့ပေးခဲ့ပါတယ်။ သက်ဆိုင်ရာက စစ်ဆေးပြီးတော့ ဒီနေ့ ညနေ ၆ နာရီကပဲ တစ်ခါတည်း မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်” လို့ MT News ကို ပြောပါတယ်။
မီးလောင်မှုကြောင့် ပေ၂၀ ၊ ၁၅ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ် လူနေအိမ် မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ရာဆီ ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီး၊ ကျောက်ပန်းတောင်းမြို့နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁+၁၅) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်(၅)ဦးတို့နဲ့ ထွက်ခွာ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူရဲ့ မိခင်ဖြစ်သူကို မီးပေါ့ဆမှုနဲ့ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ (ပ) ၉၇/၂၀၂၅၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/၃၀၄-ကနဲ့ အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။
