
၂၅. ၈. ၂၀၂၅
Written by Zun
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား ၁၀၀ သည် ကုန်းတစ်တန်၊ ရေတစ်တန်ဖြင့် လှေ၊ ကား၊ တောလမ်းများမှတစ်ဆင့် ၄ ရက်ကျော်ကြာ ခက်ခဲပင်ပန်းစွာ ခရီးနှင်ခဲ့ရသော်လည်း တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံလိုက်ရသည်။

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်၊ နေ့လယ် ၁ နာရီခွဲတွင် ကန်ချနာဘူရီခရိုင် အုပ်ချုပ်ရေးမှူး အသစ်ဆန် အင်ထရာသွာ၊ အမှတ် (၉) ခြေလျင် တပ်မဌာနချုပ်မှူး ဗိုလ်မှူးချုပ် အတ်ဆာဒေါဝတ် ပညာရာချွန်နှင့် ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ပွန်ချိုင်း ချာလိုဒတ်ချ် တို့က ထိုင်း-မြန်မာနယ်စပ်ရှိ ဆောင်ခလာဘူရိခရိုင်တစ်လျှောက် တရားမဝင် လှုပ်ရှားမှုများ၊ အထူးသဖြင့် တရားမဝင် မြန်မာလုပ်သား လူကုန်ကူးမှုများကို တင်းကြပ်စွာ ကင်းလှည့်၊ တားဆီး၊ နှိမ်နင်းရန် အရာရှိများကို အမိန့်ပေးခဲ့သည်။

ထို့နောက်၊ ခေါင်ဝ်လန်းအမျိုးသားဥယျာဉ်မှ အရာရှိများက ကင်းလှည့်စဉ် တောထဲသို့ ဝင်ရောက်လာသည့် ခြေရာများစွာကို တွေ့ရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။ ၎င်းခြေရာများသည် မကြာသေးမီကမှ လှေဖြင့်ရောက်ရှိလာပြီး ပုန်းအောင်းနေသော ရွှေ့ပြောင်းလုပ်သားအုပ်စု၏ ခြေရာများဖြစ်သည်ဟု ယုံကြည်ရသည်။

အရာရှိများသည် ပုန်းအောင်းနေသူများကို ခြေရာခံလိုက်ကြရာ စံခလဘူရိမြို့နယ်၊ ဖလန်ဖီကျေးရွာ၊ အုပ်စု (၄)၊ ပွမ်ပီ ဗျူးပွိုင့်အနီးရှိ ဝဇီရာလောင်ကွန်း ဆည်ကန်ဘောင်အနီး တောင်ကုန်းစောင်းတွင် ပုန်းအောင်းနေသော အမျိုးသားနှင့် အမျိုးသမီး အများအပြားပါဝင်သည့် အဖွဲ့ကြီးကို တွေ့ရှိခဲ့သည်။ ထိုနေရာသည် ချောင်းအွာပူးပေါင်းစစ်ဆေးရေးဂိတ်မှ ၅၊ ၆ ကီလိုမီတာခန့် ကွာဝေးသည်။
ပုန်းအောင်းနေသူများ တွေ့ရှိသော အရာရှိများက အားလုံးကို ဖမ်းဆီးခဲ့ရာ အဆိုပါ လူစုတွင် အမျိုးသား ၆၂ ဦးနှင့် အမျိုးသမီး ၃၈ ဦး၊ စုစုပေါင်း လူ ၁၀၀ ပါဝင်ပြီး ၎င်းတို့၏ ခရီးဆောင်အိတ်များလည်း ပါဝင်သည်။ ၎င်းတို့ကို တောထဲမှ ချောင်းအွာ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်ကာ စစ်ဆေးခဲ့သော်လည်း တရားမဝင်ပစ္စည်းများ မတွေ့ရှိရပေ။

စကားပြန်မှတစ်ဆင့် မေးမြန်းမှုများအရ တရားမဝင် လုပ်သားများသည် မြန်မာနိုင်ငံရှိ မြို့အသီးသီးမှ လာကြကြောင်း သိရသည်။ ၎င်းတို့သည် ဘုရားသုံးဆူမြို့နယ်တွင် စုဝေးခဲ့ကြပြီး မြန်မာလမ်းပြတစ်ဦးက တောလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ထိုင်းနိုင်ငံထဲသို့ရောက်ပြီးနောက် လမ်းပြသည် စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန်အတွက် တောနားတစ်လျှောက် လိုက်ပို့ခဲ့သည်။ ၎င်းတို့၏ ခရီးစဉ်တွင် ကားနှင့် လှေနှစ်မျိုးလုံးဖြင့် ခရီးနှင်ခဲ့ရသည်။ ဤအနားယူရာနေရာသို့ ရောက်ရှိရန် ၄ ရက်အထိ ကြာခဲ့သည်။ ၎င်းတို့သည် နောက်ထပ်ယာဉ်မောင်းတစ်ဦး လာရောက်ခေါ်ဆောင်ကာ ထိုင်းနိုင်ငံအတွင်းပိုင်းရှိ ၎င်းတို့၏ လုပ်ငန်းခွင်များသို့ ပို့ဆောင်ပေးရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့အားလုံးကို စံခလဘူရိ ရဲစခန်းသို့ ခေါ်ဆောင်ကာ ထပ်မံမေးမြန်း စစ်ဆေးမှုများ ပြုလုပ်၍ လူကုန်ကူးသူများကို ဖော်ထုတ်ရန်နှင့် အထောက်အထားများ စုဆောင်းသွားမည်ဖြစ်ကာ ၎င်းတို့အား “ထိုင်းနိုင်ငံတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်မှု” ဖြင့် အမှုဖွင့်ပြီးနောက် ၎င်းတို့၏ ဇာတိနိုင်ငံသို့ အစိုးရချင်းချိတ်ဆက်ကာ ပြန်လည်ပို့ဆောင်မည်ဖြစ်သည်ဟု သိရသည်။
