
ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို TNLA က မိုင်းခွဲဖျက်ဆီးလိုက်မှုသည့် အကြမ်းဖက်မှုမြောက်ကြောင်းနှင့် နိုင်ငံနှင့်ပြည်သူအတွက် ထိခိုက်မှုကြီးမားသည့် မိုင်းခွဲမှုလုပ်ရပ် ကျူးလွန်သည့် TNLA ကို ရှုတ်ချကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အမျိိုးသားလူ့အခွင့်အရေးကော်မရှင်အပါအဝင် အဖွဲ့အစည်း ၂၀ ကျော်က ကြေညာချက် ထုတ်ပြန်သည်။
နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးတံတား၊ ကမ္ဘာ့အကြီးဆုံးမီးရထားသံလမ်းတံတားဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ အဆိုပါဂုတ်ထိပ်တံတားအား TNLA အကြမ်းဖက်သောင်းကျန်းသူများက ဩဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ကျောက်မဲမြို့ဘက်ခြမ်း၊ တံတားတိုင်အမှတ် (P-16) နှင့် ကမ်းကပ်ခုံ (AB-2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB-2) တို့ ပျက်စီးသွားခဲ့ရသည်။

မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားတစ်ခုဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းတွင်လည်း ပါဝင်ခဲ့သည့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတားအား ထိန်းသိမ်းစောင့်ရှောက်ရမည့်အစား TNLA အကြမ်းဖက်သောင်းကျန်းသူများက စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဆင်ခြင်တုံတရားကင်းမဲ့စွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိသည်။
ထို့အတူ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စု မြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ ဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ ဘူးသီးတောင်မောင်တောဒေသဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာ-ရှိအာဟ် မွတ်စ်လင်စ်ဘာသာရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) တို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း “ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့ နှင့် ကျောက်မဲမြို့တို့ ဆက်သွယ်ထားသည့် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ တွင် ဖျက်ဆီးခံခဲ့ရကြောင်း သိရှိရပါသည်။ ဂုတ်ထိပ်တံတားသည် နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်း ရှိသည့် မီးရထားလမ်းတံတား တစ်ခုဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူ များက လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့သော နိုင်ငံ၏ အထင်ကရနှင့် သမိုင်းဝင် တံတား ဖြစ်ပါသည်။ ဤအဖျက်လုပ်ရပ်သည် အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝနှင့် စီးပွားရေး ဆောင်ရွက်မှုများအပေါ် ပြင်းထန်စွာ ထိခိုက် စေသည်သာမက မြန်မာနိုင်ငံ၏ သမိုင်းဝင်အမွေအနှစ် တစ်ခုအား ထိခိုက်ပျက်စီးစေခြင်း ဖြစ်ပါသည်။
တံတားကြီးများဥပဒေအရ တံတားကြီး အင်္ဂါရပ်များကို ရည်ရွယ်ချက်ဖြင့် တမင် ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ တံတားရေရှည်တည်တံ့ခိုင်မြဲမှုကို ထိခိုက်စေမည့် အပြုအမူများ မပြုလုပ်ရန် တားမြစ်ထားပါသည်။ ဂုတ်ထိပ်တံတား ဖျက်ဆီးခံရခြင်းသည် အများပြည်သူ သို့မဟုတ် ပုဂ္ဂလိကအတွက် အရေးကြီးသော အခြေခံ အဆောက်အအုံကို ထိခိုက်ဆုံးရှုံးစေရန် ပြုလုပ်မှုဖြစ်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၂ (ဂ) အရ အကြမ်းဖက်မှု ဖြစ်ပါသည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် ရာဇဝတ်မှုမြောက်၍ တရားမျှတမှု မရှိသော အကြမ်းဖက် ကျူးလွန်မှု အားလုံးကို ပြတ်ပြတ်သားသား ရှုတ်ချကြောင်း အသိအမှတ် ပြုထားပါသည်။ ဂုတ်ထိပ်တံတားအား ဖျက်ဆီးသည့် အကြမ်းဖက်မှု လုပ်ရပ်သည် နိုင်ငံနှင့် ပြည်သူအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး တို့ကို ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်သည်ဟု မှတ်ယူပါသည်။”ဟု ထုတ်ပြန်ထားသည်။
