၂၃. ၈. ၂၀၂၅
Translated bt Thettant
အိန္ဒိယသမုဒ္ဒရာတွင် ပြုလုပ်ခဲ့သည့် ခရစ်ယာန်ဘာသာဝင်တို့၏ နှစ်ခြင်းခံခြင်း အခမ်းအနားတစ်ခုသည် နှစ်ခြင်းခံယူသူဘာသာဝင် အမျိုးသမီးတစ်ဦး သေဆုံးပြီးနောက် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအဖြစ်အပျက်သည် ကင်ညာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လွိုက်စ် ကာဟင်ဒီ ချာရို ဆိုသော အမျိုးသမီးငယ်တစ်ဦးသည် နှစ်ခြင်းခံရန် ဆုံးဖြတ်ခဲ့သော်လည်း ထိုဆုံးဖြတ်ချက်က သူမ၏ မထင်မှတ်သော သေဆုံးမှုကို ဦးတည်စေမည်ဟု မသိခဲ့ပေ။ Capital FM ၏ သတင်းတစ်ခုအရ ထိုအမျိုးသမီးသည် ကင်ညာနိုင်ငံ၊ ကီလီဖီခရိုင်၊ ကီဂျစ်ပ်ဝါဒေသ၊ အိန္ဒိယသမုဒ္ဒရာတွင် နှစ်ခြင်းခံနေစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
ကင်ညာ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သြဂုတ်လ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ကင်ညာနိုင်ငံ၊ ပုပ်ပ်ဒေသ၌ သင်းအုပ်ဆရာတစ်ဦးသည် လူ ၂၄ ဦးပါအဖွဲ့ကို နှစ်ခြင်းခံအခမ်းအနားအတွက် စုရုံးခဲ့စဉ် ထိုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ Gospel Planters Ministry လက်အောက်ရှိ Sauti ya Uzima ဘုရားရှိခိုးကျောင်းက ထိုအခမ်းအနားကို စီစဉ်ခဲ့ပြီး ဘာသာဝင်များ၏ တစ်ဝက်နီးပါး နှစ်ခြင်းခံပြီးသည့်နောက် အသက် ၂၇ နှစ်အရွယ် အမျိုးသမီး လွိုက်စ် ကာဟင်ဒီ ချာရိုကို နှစ်ခြင်းပြုလုပ်စဉ် သူမ ရေနစ်မွန်းကာ အသက်ဆုံးခဲ့ရခြင်းဖြစ်သည်။
ဘာသာရေးခေါင်းဆောင်က လွိုက်စ်ကို နှစ်ခြင်းခံပေးလိုက်ချိန်တွင် သူမသည် တုန်ယင်လာပြီး အသက်ရှူရခက်ခဲလာကြောင်း ရဲတပ်ဖွဲ့က ပြောပြခဲ့သည်။ နှစ်ခြင်းခံနေစဉ် ထိုသို့ဖြစ်နေသည်ကို သတိပြုမိသဖြင့် သူမကို ကမ်းပေါ်သို့ ရွှေ့ပြောင်းခဲ့ကြသည်။ ထိုနေရာတွင် ရှိနေသော အချို့သင်းအုပ်ဆရာများက သူမ၏ အခြေအနေသည် ဝိညာဉ်ရေးရာနှင့် သက်ဆိုင်သည်ဟု ယူဆ၍ သူမအတွက် ဆုတောင်းပေးခဲ့ကြသည်။

ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များက နှစ်ခြင်းခံရာမှ ရေနစ်ခဲ့သူ လွိုက်စ် ရေမွန်းမှုဒဏ်ကြောင့် သေဆုံးလုဖြစ်နေသည်ကို မသိဘဲ ဆုတောင်းနေခဲ့ကြသည်။ မျက်မြင်သက်သေများကလည်း ရေနစ်ခဲ့သူ လွိုက်စ်ကို ရှေးဦးသူနာပြုစုခြင်း လုံးဝမပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။
သူမ၏ အခြေအနေ မကောင်းလာကြောင်း သိရှိသောအခါ ဘာသာရေးခေါင်းဆောင်များက လွိုက်စ်ကို ဗီပင်ဂိုမြို့ရှိ အနီးဆုံးဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံရောက်ရောက်ချင်း သေဆုံးကြောင်း ကြေညာခဲ့ရသည်။
လက်ရှိအချိန်တွင်မူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးငယ် လွိုက်၏ ရုပ်အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံးရသည့် အတိအကျအကြောင်းရင်းကို သိရှိရန် ရင်ခွဲစစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။
အမှု၏ အရင်းအမြစ်ကို ဖော်ထုတ်နိုင်ရန် ရဲတပ်ဖွဲ့သည် နှစ်ခြင်းခံသည့်နေရာသို့ သွားရောက်ခဲ့ပြီး မျက်မြင်သက်သေများကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်။
Ref , Tuko , Kawaha Tungu
