
သက်တန့်
၁၉. ၈. ၂၀၂၅
ထိုင်းနိုင်ငံဟာ ကြက်တိုက်ပြီး လောင်းကစားလုပ်တာကို တရားဝင်ခွင့်ပြုမထားပေမဲ့ ဩဂုတ် ၁၇ ရက်မှာတော့ တိုက်ကြက်ဖတစ်ကောင်ဟာ ကြက်တိုက်လောင်းကစား မြေအောက်လောကမှာ စံချိန်တင်တဲ့ ဘတ်သန်းပေါင်းများစွာလောင်းခဲ့ကြတဲ့ ကြက်တိုက်ပွဲတစ်ခုမှာ အနိုင်ရပြီးတဲ့နောက် အဲဒီအနိုင်ရတဲ့ ချန်ပီယံတိုက်ကြက်ကို ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးထီဆု ဘတ် ၆ သန်းထက် ပိုများတဲ့ ဘတ် ၆ ဒသမ ၅ သန်းနဲ့ ပိုင်ရှင်က ပြန်လည် ရောင်းချခဲ့တဲ့အတွက် ဂယက်ရိုက်ခဲ့ပါတယ်။
ဖက်ခါရမ်လို့ အမည်ပေးထားတဲ့ တိုက်ကြက်ဟာ နခွန်ရတ်ချာစီးမားပြည်နယ်က ကရူး ခွက် ကရော့ကြက်တိုက်ကွင်းမှာ သြဂုတ်လ ၁၇ ရက်နေ့က ပြိုင်ဘက်တိုက်ကြက် ဂျော်ကွာတောင်းကို အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆိုတဲ့ ဂုဏ်သတင်းနဲ့အတူ အနိုင်ရရှိလောင်းကြေးက ဘတ် ၁၂၅ ဒသမ ၁ သန်းဆိုတဲ့ မယုံနိုင်စရာပမာဏကိုပါ ကြားသိခဲ့ရပါတယ်။

အဲဒီကြက်ပွဲမှာ အထူးကောင်းမွန်တဲ့ တိုက်ကြက်ဖနှစ်ကောင် ပါဝင်ခဲ့ပြီး အဲ့ဒီနှစ်ကောင်ကတော့ Richa Farm က ဖက်ခါရမ်နဲ့ Ban Suan Nong B White Rooster Farm က ဂျော်ကွာတောင်းတို့ ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ငါးချီပွဲစဉ်တစ်လျှောက်လုံးမှာ တိုက်ကြက်နှစ်ကောင်စလုံးဟာ သူတို့ရဲ့ ခြေထောက်မှာ ဓားသွားလိုအချွန်တွေနဲ့ ဂက်ဖ်တွေကို ပတ်ထားပါတယ်။ ဒါဟာ အဆင့်မြင့်တဲ့ ရိုးရာကြက်တိုက်ပွဲတွေမှာ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ ဖက်ခါရမ်ဟာ အစောပိုင်းမှာပဲ အသာစီးရခဲ့ပြီး ပိုပြီးပြင်းထန်တဲ့ ထိုးနှက်ချက်တွေကို ပေးနိုင်ခဲ့သလို ထိထိရောက်ရောက် ရှောင်တိမ်းနိုင်ခဲ့ပါတယ်။ ပထမပွဲပြီးဆုံးချိန်မှာလည်း သူဟာ အသာစီးရနေပါတယ်။ ဒုတိယချီမှာလည်း ဆက်လက်တိုက်ခိုက်ခဲ့ပြီး ဂျော်ကွာတောင်းက ပြန်လည်ခွပ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ စတုတ္ထအချီရောက်တဲ့အခါမှာတော့ ရလဒ်က ရှင်းလင်းသွားခဲ့ပါတယ်။ ဖက်ခါရမ်က ပြိုင်ပွဲကိုအနိုင်ယူခဲ့ပြီး သန်းရာချီလောင်းကြေးနဲ့ လူအုပ်ကို ပျော်ရွှင်စေခဲ့ကာ ကြက်တိုက်ပွဲဒဏ္ဍာရီတစ်ခုမှာ သူ့ရဲ့ချန်ပီယံအဆင့်အတန်းကို တံဆိပ်ခတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဇာတ်လမ်းက အဲဒီမှာ မပြီးသေးပါဘူး။ မနေ့က သြဂုတ်လ ၁၈ ရက်နေ့မှာ ဖက်ခါရမ်နဲ့ Richa Farm ရဲ့ သန်းရာချီနိုင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်နေတဲ့ ပိုင်ရှင်ဖြစ်သူ အပီချတ်က သူ့ချန်ပီယံ တိုက်ကြက်ဖ ဖက်ခါရမ်ကို နောက်ထပ်ကြက်ခြံတစ်ခြံဆီကို ရွှေ့ပြောင်းရောင်းချလိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဝယ်ယူလိုက်တဲ့ Num Rong Mee တိုက်ကြက်ခြံရဲ့ ပိုင်ရှင်အသစ်က ဒီရောင်းချမှုကို ချီးကျူးခဲ့ပြီး ဖက်ခါရမ်ကို “သူတို့ ဝယ်ဖူးသမျှထဲမှာ ဈေးအကြီးဆုံးကြက်ဖ” လို့ ခေါ်ခဲ့ပါတယ်။

နောက်ဆက်တွဲ လူမှုမီဒီယာပို့စ်တစ်ခုမှာ တိုက်ကြက်အရောင်းအဝယ်အတွက် ဘတ် ၃ သန်းလွှဲပြောင်းထားကြောင်း အတည်ပြုတဲ့ ဘဏ်ဘောင်ချာတစ်ခုကို ပြသခဲ့ပြီး KhaoSod သတင်းဌာနရဲ့ဖော်ပြချက်အရ တစ်ဆင့်ချင်းငွေချေမှုအစီအစဉ်နဲ့ ဒီအရောင်းအဝယ်ကို အထူးကျေးဇူးတင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဖက်ခါရမ်ရဲ့ စိတ်လှုပ်ရှားဖွယ် ဈေးနှုန်းကြောင့် တိုက်ကြက်ပွဲလောကမှာ ခေါင်းစီးသတင်းဖြစ်လာခဲ့ပြီး လူအများက ဒီရောင်းချမှုကို သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ် ချီးကျူးခဲ့ကြပါတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ထိုင်းနိုင်ငံရဲ့ ကြက်တိုက်ပွဲလောကဟာ လက်ရှိအချိန်မှာ ဈေးအကြီးဆုံးချန်ပီယံတိုက်ကြက်ကို မျက်မြင်တွေ့ခဲ့ရပါတယ်။
ဒီတိုက်ကြက်ဟာ ဇိမ်ခံကားအချို့ထက်တောင် ပိုပြီးတန်ဖိုးရှိနေပြီလည်းဖြစ်ပါတယ်။
အလားတူသတင်းတစ်ခုမှာတော့ ရဲတင်းလှတဲ့ သူခိုးနှစ်ယောက်ဟာ ချွန်ဘူရီက တိုက်ကြက်မွေးမြူရေးသမားတစ်ဦးရဲ့အိမ်ကနေ အဖိုးတန်တဲ့ ဗမာတိုက်ကြက်လေးကောင်ကို ခိုးယူပြီး ထွက်ပြေးနေကြပါတယ်။ ခိုးယူမှုတွေဟာ ဆက်တိုက်ဆိုသလို မနက်စောစော နှစ်ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ တစ်ကြိမ်ကို ကြက်နှစ်ကောင်စီ ခိုးသွားခဲ့ကြပါတယ်။ တိုက်ကြက်သူခိုးနှစ်ယောက်ကို ရထားလမ်းဘေးမှာ မှတ်တမ်းတင်စောင့်ကြည့်နေတဲ့ CCTV ရဲ့ မှတ်တမ်းမှာ ဖမ်းမိခဲ့ပေမယ့် သံသယရှိသူတွေကတော့ အမည်မသိဘဲ လွတ်မြောက်နေပါသေးတယ်။

ထိုင်းနိုင်ငံဟာ တိုက်ကြက်ပွဲတွေကို ရိုးရာယဉ်ကျေးမှုကစားနည်းအဖြစ် အသိအမှတ်ပြုပြီး ခွင့်ပြုထားပေမဲ့ လောင်းကစားကိစ္စတွေနဲ့ တိရစ္ဆာန်အပေါ် ပြင်းထန်တဲ့ ညှဉ်းပန်းမှုတွေကိုတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဥပဒေကို ရှောင်ကွင်းပြီး လောင်းကစားမှုတွေ ဆက်ရှိနေဆဲပါ။ ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်တုန်းက ဘတ်တစ်သန်းနဲ့ရောင်းခဲ့ရတဲ့ Phama Mahwing လိုမျိုး တိုက်ကြက်ဟာလည်း ထိုင်းနဲ့ မြန်မာမျိုးစိတ်ကို မျိုးစပ်မွေးမြူထားတဲ့ ကြက်ဖြစ်ပြီး၊ အဲ့လိုမျိုးစပ်ထားတဲ့ တိုက်ကြက်တွေဟာ အရည်အချင်းပိုမြင့်တယ်လို့ ထိုင်းနိုင်ငံသားတွေက ယုံကြည်ကြပါတယ်။
ဒါ့အပြင် ထိုင်းက နာမည်ကြီး ကြက်မွေးမြူရေးသမားအချို့ဟာ ဗမာမျိုးနွယ် တိုက်ကြက်တွေကို သူတို့ရဲ့ခြံတွေမှာ အဓိကမွေးမြူကြပြီး ဒီလိုမွေးမြူကြတဲ့ အကြောင်းရင်းကတော့ ဗမာတိုက်ကြက်တွေဟာ တိုက်ပွဲမှာ အထူးကောင်းမွန်ရုံသာမက မျိုးပွားဖို့အတွက်လည်း တန်ဖိုးရှိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဗမာတိုက်ကြက်မျိုးရင်းတွေဟာ ထိုင်းရဲ့ တိုက်ကြက်လောကမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ဆိုနိုင်သလို ဖက်ခါရမ်လိုမျိုး ဘတ်သန်းချီပမာဏနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့အပြင် ၂၀၁၈ တုန်းကလည်း ဘတ်သန်း ၂၀ ပေးတာကို မရောင်းခဲ့တဲ့ Chao Hong Thong လိုမျိုး တိုက်ကြက်တွေကလည်း ကြက်တိုက်ပွဲတွေနဲ့အတူ ဆက်လက် ထွက်ပေါ်နေပါတယ်။
Ref , The Thaiger & Bangkok Post
