
၁၉. ၈. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့်မြို့များတွင် စတင်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊ ဒေသ၏အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်သူများကိုသာ ရွေးချယ်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ပြီကြောင်းနှင့် ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင် (UEC)က ယမန်နေ့တွင် ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား FPTP ဖြင့် ကျင်းပမည့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေ ၃၃၀၊ FPTP နှင့် PR စနစ်နှစ်မျိုးဖြင့် ကျင်းပမည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၁၀၊ MMP ဖြင့် ကျင်းပမည့် တိုင်းနှင့်ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်မြေ ၃၆၄ ခုနှင့် တိုင်းနှင့်ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ ခု့တိုဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
