
သက်တန့်
၁၉. ၈. ၂၀၂၅
ဒီနေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ဗီယက်နမ်နိုင်ငံ ဟိုင်ဖုန်းမြို့က လချ် ထရေးကွင်းထဲ မြန်မာအမျိုးသမီးအသင်းနဲ့ ဩစတြေးလျ ယူ -၂၃ အသင်းတို့ဟာ ၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF MSIG Serenity Cup 2025 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို အပြိုင်ဆင်နွှဲခဲ့ရာမှာ မြန်မာအမျိုးသမီးအသင်းက ဩစတြေးလျအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဆီမီးဖိုင်နယ်မှာ အိမ်ရှင်ဗီယက်နမ်ကို အနိုင်ယူလာခဲ့သလို လူကောင်သာတဲ့ ဩစတြေးလျအသင်းဟာ မြန်မာအသင်းကို တရစပ်ဖိအားပေးနေခဲ့ပြီး ပွဲကစားချိန် ၅ မိနစ်အကျော်မှာ ဂိုးရနိုင်တဲ့ အခွင့်အရေးရခဲ့ပြီး ရှုပ်ရှက်ခတ်နေတဲ့ကြားမှာ မြန်မာဂိုးသမားနဲ့ နောက်တန်းတွေ အကောင်းဆုံးတားဆီးနိုင်ခဲ့လို့ စောစောစီးစီး ဂိုးမပေးခဲ့ရတာပါ။
အုပ်စုပွဲစဥ်မှာ မြန်မာအမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လက်စားချေလိုစိတ် ပြင်းပျနေတဲ့ ဩစတြေးလျဟာ တရစပ်ဖိအားပေးနေပေမဲ့ မျိုးမြမြငြိမ်းက ထိုင်းကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲလို အကောင်းဆုံးလက်စွမ်းပြနေနိုင်ခဲ့ပြီး ပွဲကစားချိန် ၁၂ မိနစ်မှာ ဩစတြေးလျက အပိုင်ကန်သွင်းတာ လှလှပပ ကာကွယ်နိုင်ခဲ့သလို ဒီကာကွယ်မှုကနေ ရသွားတဲ့ ထောင့်ကန်ဘောက ဂိုးဝင်နိုင်တာကိုလည်း မြန်မာအသင်းက အကောင်းဆုံး ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာလည်း ဩစတြေးလျက အပြင်းကန်သွင်းတဲ့ အနိမ့် လှိိမ့်ဘောကို မျိုးမြမြငြိမ်း နှစ်ဆင့်ဖမ်း ကာကွယ်ခဲ့ရပါသေးတယ်။
ပွဲကစားချိန် မိနစ် ၂၀ လောက်အထိ မြန်မာအမျိုးသမီးအသင်းက ဩစတြေးလျရဲ့ ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးတာကို တောင့်ခံနေရပြီး တစ်ချက်တစ်ချက်မှ ကောင်တာနဲ့ ပြန်တိုက်စစ်ဆင်ရတဲ့ အခြေအနေပါ။ ပွဲချိန် ၁၉ မိနစ်မှာ ရူပါခိုင်ရဲ့ ထိုးဖောက်မှုနဲ့ မိနစ် ၂၀ မှာ ဖြူဖြူဝင်းရဲ့ ဖရီးကစ်တွေဟာ ဂိုးရနိုင်ဖို့ နီးစပ်ပေမဲ့ ဩစတြေးလျဂိုးသမားနဲ့ နောက်ခံလူတွေ ကာကွယ်သွားကြတာ နှမြောလှစရာ ကောင်းပါတယ်။
ပွဲချိန် ၂၂ မိနစ်နဲ့ ၂၃ မိနစ်မှာ ဩစတြေးလျက ဖရီးကစ်နဲ့ ထောင့်ကန်ဘောတွေ မြန်မာအသင်းကို ခြိမ်းခြောက်ခဲ့ပေမဲ့ တစ်ဖက်နဲ့တစ်ဖက် ဂိုးမရနိုင်ကြဘဲ အကြိတ်အနယ် ယှဥ်ပြိုင်နေရင်း ပွဲချိန် ၂၅ မိနစ်မှာ ဖြူဖြူဝင်းကန်ချက်ကနေ ဝင်းသိင်္ဂီထွန်း နောက်ပြန်ကန်ချက်နဲ့ ဘိုင်စကယ်ကစ်ကန်ရာမှာ အားပျော့သွားလို့ နှမြောစရာဖြစ်ခဲ့ရပါတယ်။ ဒီဂိုးသာ ဝင်ခဲ့ရင် ဝင်းသိင်္ဂီထွန်းဟာ ဂိုးအများဆုံး နှစ်ကြိမ်ဆက်သွင်းနိုင်သူ၊ ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်သူဖြစ်လာမှာပါ။
ပွဲကစားချိန် မိနစ် ၃၀ နောက်ပိုင်းမှာ မြန်မာအသင်းအချိန်အဆက်မိလာပြီး ပြန်လည်တိုက်စစ်ဆင်လာနိုင်ပေမယ့် နှစ်ဖက်စလုံး ဂိုးမရခဲ့တာကြောင့် ပထမပိုင်းက ဂိုးမရှိသရေကျနေခဲ့ပါတယ်။ ပထမပိုင်းမှာ ဩစတြေးလျအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ အသာစီးယူထားပြီး မြန်မာဂိုးပေါက် ခြောက်ကြိမ်ကန်သွင်းရာမှာ လေးကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး မြန်မာကတော့ ဂိုးပေါက်ကို သုံးကြိမ်ပဲ ကန်သွင်းနိုင်ခဲ့ပြီး နှစ်ကြိမ်ဂိုးပေါက်တည့်ခဲ့ပေမဲ့ ပထမပိုင်းဟာ မြန်မာအသင်း အားနည်းချက်တွေရှိခဲ့တာ သိသာပါတယ်။

ပွဲကစားချိန် ၄၄ မိနစ်နဲ့ ၄၆ မိနစ်မှာ ရူပါခိုင်အစား ရွှေရည်ထွန်းနဲ့ ၄၆ မိနစ်မှာ စန်းသော်သော်အစား ယွန်းဝတီလှိုင်တို့ ဝင်လာကြသလို ဩစတြေးလျတိုက်စစ်တွေကလည်း ပြင်းထန်လာပြီး ပွဲအစတင် ကန်ချက် ဘားတန်းထိထွက်လို့ မြန်မာအသင်း သက်သာခဲ့တာပါ။ ပွဲချိန် ၅၅ မိနစ်မှာ ၁၈ ကိုက်စည်းထိပ် ယွန်းဝတီလှိုင် ပြစ်ဒဏ်ဘောကျူးလွန်တာကနေ ဖရီးကစ် ကန်ရာမှာလည်း ဘားတန်းထိမှန်လို့ ကံဖေးမမှု မြန်မာအသင်းဘက်ရှိနေသလား တွေးရအောင် ရင်သပ်ရှုမောဖြစ်ရပေမဲ့ ဆက်တိုက်အဖိခံနေရတဲ့ မြန်မာအသင်းဟာ ပွဲချိန် ၆၅ မိနစ်မှာတော့ ဩစတြေးလျကွင်းလယ်လူ ဟိုဂန်ကိန်းဖြတ်တင်ဘောကို ဖာဖီက ပိတ်သွင်းရာမှာ မျိုးမြမြငြိမ်းရဲ့ ဘယ်ဘက် အနိမ့်ထောင့်ထဲ လှိမ့်ဝင်သွားပြီး ဦးဆောင်ဂိုး ပေးလိုက်ရပါတော့တယ်။
ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၃၀ ဖြစ်လာတဲ့အထိ မြန်မာအသင်းက ဩစတြေးလျဂိုးပေါက်ကို တစ်ကြိမ်မှ မခြိမ်းခြောက်နိုင်သေးဘဲ ဩစတြေးလျက မြန်မာအသင်းကို ငါးကြိမ်ထပ်ကန်ရာမှာ နှစ်ကြိမ်ဂိုးပေါက်တည့်ပြီး တစ်ကြိမ်ဂိုးသွားခဲ့တာပါ။

ပွဲချိန် ၇၅ မိနစ်မှာ နော်ထက်ထက်ဝေအစား ဝင်းဝင်းကိုထည့်ပြီး ပွဲချိန် ၈၈ မိနစ်ကြမှ ခင်မိုမိုထွန်းအစား ခင်မာလာထွန်း၊ လင်းလဲ့ဦးအစား ပွင့်အေးနှင်းတို့ထည့်လို့ တိုက်စစ်ပြန်လှုပ်လာပေမဲ့ လူစားလဲချိန် နောက်ကျမှုအကျိုးဆက်အဖြစ် မြန်မာအသင်းဟာ ၁၈ နှစ်ကြာမှ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် AFF MSIG Serenity Cup 2025 ပြိုင်ပွဲမှာ ဗိုလ်ပြန်စွဲမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
