◾️ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့အား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်
၁၉. ၈. ၂၀၂၅
Written by Nyein Kyaw

တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အဆင့်အလိုက် လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်၍ ဒေသအတွက် အမှန်တကယ်အကျိုးရှိမည်ဆိုပါက အဆင့်ဆင့်တင်ပြ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိ မြို့ဖများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့အား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်မှ ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများသည် ဒေသတိုးတက်ရေးအတွက် လက်တွေ့ကျသည့်၊ ဖြစ်နိုင်သည့် ကိစ္စရပ်များကို ကြိုတင်တွေးခေါ်မြော်မြင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသအကျိုးအတွက် အမှန်တကယ် ချစ်မြတ်နိုးသည့်စိတ်ဖြင့် တာဝန်ထမ်းဆောင်နိုင်သည့်သူဖြစ်ရန်လိုကြောင်း ပြောကြားသည်။
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအလိုက် အဆင့်ဆင့်အုပ်ချုပ်ကြရပြီး သက်ဆိုင်ရာအဆင့်အလိုက် လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ချမှတ်ပေးထားသည့် မူဝါဒများအတိုင်း လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ဒေသအတွက် အမှန်တကယ်အကျိုးရှိမည်ဆိုပါက အဆင့်ဆင့်တင်ပြ၍ လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် သည် ကျေးလက်တွင် နေထိုင်ကြပြီး ထက်ဝက်ကျော်ခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန် ထမ်းဆောင်နေကြသူများအနေဖြင့် မိမိတို့ဒေသ၏ အကြောင်းအရာများကို သိရှိရန်လိုပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်ထုတ်လုပ်နိုင်ရေး နည်းလမ်းများရှာဖွေ ဆောင်ရွက်ပေးကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
