
၁၉. ၈. ၂၀၂၅
Written by Nyein Kyaw
တစ်နိုင်ငံလုံးတွင် သစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းခန့် တိုးတက်စေရေးအပြင် အပူပိုင်းဒေသ ၁၃ ခရိုင်စိမ်းလန်းစိုပြေရေးအတွက်လည်း ၅ နှစ်စီမံကိန်းဖြင့် ပျိုးပင်များ ထပ်မံတိုးချဲ့စိုက်ပျိုးရန် စီမံဆောင်ရွက်ထားကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေး၊ ၂ဝ၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားသည်။
မိမိတို့နိုင်ငံတွင် ၂၀၀၅ ခုနှစ်က သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၄၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိတော့သည့်အတွက် ၇ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည်ကို တွေ့ရှိရကြောင်း၊ သစ်တောဖုံးလွှမ်းမှုအား ၅၀ ရာခိုင်နှုန်းခန့် တိုးတက်စေရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့်ကာလအတွင်း ပျိုးပင်ပေါင်း ၁၆ ဒသမ ၂၇ သန်းစိုက်ပျိုးခဲ့သည်ကို အစီရင်ခံစာအရ သိရှိရကြောင်း၊ ယခုအခါတွင်လည်း အပူပိုင်းဒေသ (၁၃) ခရိုင်စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ – ၂၀၂၆မှ ၂၀၂၉-၂၀၃၀ အထိ ၅ နှစ်စီမံကိန်းတွင် ပျိုးပင်များထပ်မံတိုးချဲ့စိုက်ပျိုးသွားရန် စီမံဆောင်ရွက်ထားရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ကြောင့် အဆိုပါစိုက်ပျိုးသည့်အပင်များ အောင်မြင်အောင် စိုက်ပျိုးဆောင်ရွက်သွားမည်ဆိုပါက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုများကိုလည်း လျော့ပါးလာစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်က မိတ္ထီလာခရိုင်တွင်မိမိကိုယ်တိုင်ဦးဆောင်၍ ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အပူပိုင်းဒေသ (၁၃) ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်တွင်လည်း သစ်ပင်စိုက်ပွဲတော်များကို တစ်ပြိုင်တည်း ကျင်းပဆောင်ရွက်ပေးခဲ့ပြီး သစ်ပင်စုစုပေါင်း ၃၅၀၀၀ ခန့်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယနေ့တွင် သစ်မျိုး ၇ မျိုး၊ ပျိုးပင်ပေါင်း ၁,၀၀၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
