
၁၈.၈.၂၀၂၅
Written by KL
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် အမျိုးသမီးတစ်ဦးကို သတ်ပြီးကြိုးဆွဲချသေဆုံးသည့်ပုံစံ ပြုလုပ်ခဲ့သူကို ဖြစ်ပွားပြီး ခြောက်ရက်အကြာ သြဂုတ်လ ၁၆ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ သြဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာနေ မမြတ်စုမှာ နေအိမ်နှင့် မိနစ် ၃၀ ခန့်အကွာတွင်ရှိသော အဘိုးဖြစ်သူ၏ နေအိမ်တွင် ဟင်းစားသွားယူပြီးအပြန်တွင် လမ်း၌ ပျောက်ဆုံးခဲ့သဖြင့် မိသားစုများက လိုက်လံရှာဖွေရာ ရွာလယ် တောင်ကုန်းပေါ်ရှိ ပျဥ်းမပင်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို တာဝန်ရှိသူများက စစ်ဆေးရာ အသတ်ခံရပြီးမှ အားကစားဘောင်းဘီရှည်ကို ဓားနှင့်လှီးဖြတ်၍ ကြိုးအဖြစ်ပြုလုပ်ပြီး လည်ပင်းကိုချည်ကာ ကြိုးဆွဲချ သေဆုံးသည့်ပုံစံပြုလုပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
ထို့အတွက် ကျေးရွာအတွင်း လာရောက်ခိုလှုံ နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မိုးဇော်လတ်ဆိုသူကို သံသယရှိသဖြင့် တာဝန်ရှိသူများက မေးမြန်းစစ်ဆေးရာမှ မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြံစည်ရာ လက်မခံဘဲ ပြန်လည်ခုခံသဖြင့် လက်လွန်ကာ နေရာတွင်ပင် သေဆုံးခဲ့သဖြင့် အလောင်းကို တရွတ်တိုက်ဆွဲလာကာ အနီးရှိပျဥ်းမပင်ပေါ်၌ ကြိုးဆွဲချသတ်သေသည့်ပုံစံပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရားခံကို စစ်ဆးပေါ်ပေါက်ချက်များအရ သိရသည်။
ကျုးလွန်သူ မိုးဇော်လတ်မှ မြောင်းမြမြို့တွင် ဆိုင်ကယ်ခိုးမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေကာ လပွတ္တာမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၌ တစ်နှစ်ခန့်ကြာ ခိုလှုံနေရာမှ ထပ်မံ၍ မုဒိမ်းကျင့်ရန်ကြံစည်မှုနှင့် လူသတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း သိရသည်။
ကျုးလွန်သူ မိုးဇော်လတ်ကို တူးမြောင်းနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အပါအဝင် လိုအပ်သလို အရေးယူရန် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
