၁၈.၈.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ ထောင်တလုပ်ရပ်ကွက်၊ အမှတ်(၇)လမ်းမကြီး၊ စိတ်ကျန်းမာရေးဆေးရုံရှေ့၌ သြဂုတ်လ ၁၇ ရက် ည ၇ နာရီ ၁၈ မိနစ်ခန့်က မော်တော်ယာဥ်တစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်ကာ လမ်းဘေးထိုးကျနေသဖြင့် လိုက်ပါလာသူနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
KARRY YOKI အမျိုးအစား အနီရောင်မော်တော်ယာဥ်မှာ အမှတ် (၂) လမ်းမကြီးမှ လှည်းကူးမြို့ဘက်သို့မောင်းနှင်လာစဥ် လမ်းပေါ်ရှိ ခွေးကို အရှိန်လွန်တိုက်မိပြီး ဆန့်ကျင်ဘက်လမ်းဘေးရှိ ဓာတ်တိုင်ကို တိုက်ကာ လမ်းဘေးသို့ ထိုးကျနေခြင်းဖြစ်ကြောင်း သိရသည်။
ယာဥ်မတော်တဆမှုကြောင့် ကားခေါင်းထဲညပ်နေကြသော အသက် ၃၀ အရွယ် ဒေါ်လှအေးစိန်တွင် ဘယ်လက်ကျိုးဒဏ်ရာ၊ ဘယ်ဘက်ဦးခေါင်းပေါက်ပြဲ၊ ဘယ်ခြေပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး မော်တော်ယာဥ်မောင်း အသက် ၃၈ နှစ်အရွယ် ဦးအောင်သန်းထိုက်မှာ ဘယ်ခြေကျိုးဒဏ်ရာ၊ ဘယ်ညာခြေနှစ်ဖက်နှင့် ဘယ်ညာလက်နှစ်ဘက်ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး လူနာနှစ်ဦးစလုံးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ ကားခေါင်းခန်းအတွင်း ညပ်နေသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ််ဆယ်ရေးလုပ်ဆောင်ခဲ့ကြရာ မိနစ် ၄၀ ကြာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
ဒဏ်ရာရရှိသူနှစ်ဦးကို တို့ညီကိုတွဲလက်များ လူမှုကူညီရေးအသင်းနှင့် ရွှေမေတ္တာ လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


