
နေမိုး
၁၇. ၈. ၂၀၂၅
ကယားပြည်နယ်၊ မော်ချီးမြို့ကို ကယားလက်နက်ကိုင် တပ်ပေါင်းစုဟာ ၂၀၂၄ ဇန်နဝါရီထဲက သိမ်းယူထားပြီး သတ္တုခိုးထုတ်နေတာကြောင့် ဒီမနက်မှာ မော်ချီးက လိုခါးလိုဆေးရုံဟောင်းကို တပ်မတော်က ပထမအကြိမ် ဗုံးကြဲတာမှာ လူ ၂ ဦးသာ ဒဏ်ရာရပြီး ထိခိုက်မှုနည်းပေမဲ့ KNDF နဲ့ ကယားလက်နက်ကိုင်တပ်တွေက တပ်သား ၂၀၀ အစုအဖွဲ့နဲ့ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်ဘက်ကလည်း မော်ချီးကို ဒီနေ့လယ်မှာ ထပ်မံဗုံးကြဲခဲ့လို့ အနည်းဆုံး လူ ၂၀ သေဆုံးသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ AEC อาเซียน News နဲ့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

မော်ချီးသတ္တုသိုက်က အကျိုးအမြတ်တွေရယူခံစားနေတဲ့ ကယားလက်နက်ကိုင် ကရင်နီတပ်မတော် (KA) ရဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားမှုအရ ဒီမနက် ၈ နာရီလောက်မှာ တပ်မတော်က YAK 130 နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးလေးလုံးကြဲချပေမဲ့ ထိခိုက်တာက လိုခါးလိုဆေးရုံဟောင်းနေရာဖြစ်လို့ လူ ၂ ဦးသာ ဒဏ်ရာရခဲ့တယ်ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို ဗုံးကြဲတာကို လက်တုံ့ပြန်ဖို့ ဒီမနက် ၈ နာရီခွဲလောက်မှာ KA၊ KNDF၊ KNPLF နဲ့ PDF တို့ ပါဝင်တဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်၂၀၀ ဦးဟာ ဖားဆောင်းမြို့မှာရှိတဲ့ ခလရ (၁၃၅) တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KA အရာရှိက ဆိုပါတယ်။

ခလရ (၁၃၅) စခန်းမှာ ခလရ (၁၃၄)၊ ခြေမြန်တပ်မ (၆၆)၊ ခလရ (၁၄) နဲ့ ခမရ (၅၃၁) တပ်ရင်းတွေလို တခြားတပ်ရင်းတွေလည်း ပူးပေါင်းစုဖွဲ့ နေထိုင်ကြပြီး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဟာ တောင်ခြေမှာရှိတဲ့ စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပြီး တောင်ထိပ်မှာရှိတဲ့ ဘန်ကာတွေနဲ့ စက်သေနတ်အများအပြားရှိတဲ့ စခန်းကြီးပဲ ကျန်တော့ချိန် ကရင်နီတပ်ဖွဲ့တွေကို တပ်မတော်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင် (၁၀) ဦးဟာ ဗုံးအစတွေနဲ့ စက်သေနတ်ထိမှန် ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ပြီး ပြန်လည်ဆုတ်ခွာကြလာခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုမျိုး ခမရ (၁၃၅) ကို ဝင်တိုက်တာကြောင့် တပ်မတော်ဘက်က ကရင်နီလက်နက်ကိုင်တွေ ထိန်းချုပ် သတ္တုခိုးထုတ်နေတဲ့ မော်ချီးက ၁၆ ကုန်းဘက်ကို နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်လိုက်ရာမှာ အနည်းဆုံး ၂၀ ဦး သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် ကရင်နီလက်နက်ကိုင်တွေဟာ ခလရ (၁၃၅) ကို သွားတိုက်ချိန်က ဒဏ်ရာရတဲ့ လက်နက်ကိုင်တွေနဲ့ လိုခါးလိုရွာကို ဒုတိယအကြိမ် ဗုံးကြဲချိန်မှာ ဒဏ်ရာရသူတွေ စုစုပေါင်း လူ ၂၀ ကျော်ကို မော်ချီးကနေ ၆၇ ကီလိုမီတာ အကွာလောက်မှာရှိတဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ခွန်ယွမ်းမြို့နယ်ဆေးရုံကို တင်ပို့ဖို့ သွားနေစဥ်မှာ တပ်မတော်က ဒရုန်းတွေနဲ့ တိုက်ခိုက်တာကြောင့် ကားသုံးစီးပျက်စီးပြီး ၇ ဦး ထပ်မံသေဆုံးသွားတယ်လို့ သိရပါတယ်။

Ref, AEC อาเซียน News / Photo – CJ
