
၁၇. ၈. ၂၀၂၅
Written by Nay Moe
ဟားခါးမြို့မှ ချင်းရွှေတောင် ဆီဆိုင်ပိုင် ဆီဘောက်ဆာ ဆယ်ဘီးယာဥ်နှစ်စီး ဆီထည့်ကာသယ်ယူလာစဥ် သိမ်းယူလိုက်သည့်ဟု Earthquake PDF အဖွဲ့က ယနေ့ ဝန်ခံလာသည်။
ပခုက္ကူ PDF အဖွဲ့များအနက် ပြန်ပေးဆွဲလုယက်မှုများဖြင့် နာမည်အပျက်ဆုံးဖြစ်သည့် Earthquake PDF အဖွဲ့သည် ချင်းပြည်နယ်၊ ဟားခါးမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကိုဝေဖြိုးကျော်၏ ချင်းရွှေတောင် ဆီဆိုင်မှ ပိုင်ဆိုင်သော ဆီဘောက်ဆာယာဉ်အမှတ် 21-2912 (၁၀)ဘီးကားကို ဩဂုတ် ၁၅ ရက်နေ့ ၁၂ နာရီ ၂၅ မိနစ်အချိန်၊ ဆီဘောက်ဆာယာဉ်အမှတ် 61-5612 (၁၀)ဘီးကားကို ၃ နာရီ မိနစ် ၂၀ အချိန်၌ ဖမ်းဆီးလိုက်သည်ဟု ဆိုသည်။
ချင်းရွှေတောင် ဆီဆိုင်မှ ဆီဘောက်ဆာယာဉ်များ သယ်ဆောင်လာသော စက်သုံးဆီများမှာ ပခုက္ကူမြို့မှ တပ်မတော်၏ အဓိကထောက်တိုင်များဖြစ်သော သီဟ ဆီဆိုင်မှ သယ်ဆောင်လာခြင်း ဖြစ်သည့်အပြင် တပ်နှင့် လုပ်ငန်းသဘောအရ လိုအပ်သည်ထက်ပိုသော ပတ်သက်ဆက်နွယ်မှုများ ရှိကြောင်း၊ ၎င်းဆီဆိုင်သည် စစ်တပ်အသိုင်းအဝိုင်းမှ မိသားစုဝင်များ ပိုင်ဆိုင်သောလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ဟားခါးမြို့ရှိ တပ်အုပ်စုများအတွက် လိုအပ်သော စက်သုံးဆီများ၊ ငွေကြေးများအပြင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသော ဆိုင်ဖြစ်ကြောင်း၊ အထက်ပါအကြောင်းအရာများကြောင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ချင်းရွှေတောင် ဆီဆိုင် ပိုင်ဆိုင်သော ကား(၂)စီးကို ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သီဟဆီဆိုင်ပိုင်ရှင် ဦးဖိုးသစ်သည် နေ့စဉ်နေ့တိုင်းလိုလို စစ်တပ်ပိုင်ဌာနနှင့် တပ်ရင်း၊ တပ်မများသို့ သွားရောက်လေ့ရှိသည့်အပြင် စစ်မှုထမ်းရန် စာရင်းများ ကောက်ယူခြင်း၊ စစ်မှုထမ်းစာရင်းမှ ကင်းလွတ်လိုသူများအား ပွဲစားလုပ်ပေးခြင်းများ စသည်တို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊အထက်ပါပြစ်မှုများ လုပ်ဆောင်သည့်အတွက် ၎င်းဆီဆိုင်အား မကွေးတိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပ.လ.ဖ) မှ ဇူလိုင် ၂၁ ရက်တွင် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း ဆီကားများ သိမ်းဆည်း အရေးယူမှုအပေါ် မည်သူ လာရောက်ညှိနှိုင်းသည်ကိုမှ လက်ခံမည်မဟုတ်ကြောင်း Earthquake PDF အဖွဲ့က ဝန်ခံထုတ်ပြန်ချက်၌ ဖော်ပြထားပြီး သီဟ ဆီဆိုင်အပေါ် စွပ်စွဲချက်များ မှန် မမှန်ကိုမူ MT News က မြေပြင်အတည်မပြုနိုင်ချေ။
