
၁၇.၈.၂၀၂၅
Written by KL
ရန်ကုန်-မန္တလေးအမြန်လန်းမကြီး၊ မိုင်တိုင်အမှတ်(၄၀/၀)နှင့် (၄၀/၁)ကြားတွင် ယနေ့ သြဂုတ်လ ၁၇ ရက် နံနက် ၂ နာရီ ၁၀ မိနစ်ခန့်ကလမ်းသွားလမ်းလာတစ်ဦးကို တင်ရန် အရှိန်လျှော့နေသော မော်တော်ယာဥ်ကို ကုန်တင်ယာဥ်တစ်စီးက အနောက်မှဝင်တိုက်ရာမှ နှစ်ဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော Nissan Condor မော်တော်ယာဥ်တစ်စီးမှာ လမ်းတွင် စက်ပြင်အမျိုးသားတစ်ဦးက ယာဥ်ကိုတားသဖြင့် အရှိန်လျှော့စဥ် ကုန်တင်ယာဥ်က အနောက်မှဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းမှာလူတားလို့ ရှေ့ကားက အရှိန်လျော့နေတုန်း တားတဲ့သူကလည်း ကားအနောက်ရောက်နေချိန်မှာ အနောက်ကနေ ဝင်တိုက်ခံလိုက်ရတာ။ ကားတားတဲ့သူနဲ့ နောက်ကနေ ဝင်တိုက်တဲ့ယာဥ်မောင်းက နေရာမှာတင်ဆုံးတယ်။ ယာဥ်နောက်လိုက်က ဒဏ်ရာရပေမယ့် စိုးရိမ်စရာမရှိပါဘူး”ဟု ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးကပြောသည်။
ယာဥ်တိုက်မှုကြောင့် အသက် ၃၅နှစ်အရွယ် ကုန်တင်ယာဥ်မောင်း ကိုကျော်ဇင်ဝင်းမှာ ဦးခေါင်းနောက်စေ့သွေးထွက်၊ ဘယ်ညာခြေကျင်းဝတ်ပြတ်ရှဒဏ်ရာနှင့် သေဆုံးခဲ့ပြီး မော်တော်ယာဥ်တားသည့် စက်ပြင် အသက် ၃၄ နှစ်အရွယ် ကိုပိုင်မျိုးကိုမှာ ဦးခေါင်းပွင့်၍ သေဆုံးခဲ့ကြောင်း၊ ယာဥ်နောက်လိုက်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုဇွဲထက်နောင်မှာ ခြေသလုံးပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦးနှင့်ဒဏ်ရာရသူတစ်ဦးကို ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ထားပြီး ယာဥ်တိုက်မှုကြောင့် နောက်မှဝင်တိုက်သည့် သေဆုံးသူ ယာဥ်မောင်းကို ဘောနီအမြန်လမ်းရဲစခန်းက အမှုဖွင့်ကာ ဖြစ်စဥ်ကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
