◾️ အိုဆာကာအစိုးရရှေ့နေချုပ်က မုဒိမ်းကျင့်မှုအတွက် တရားမျှတမှုရဖို့ တိုက်ပွဲဝင်နေရရှာတဲ့ ဂျပန်အစိုးရအမျိုးသမီးရှေ့နေ
၁၁. ၈. ၂၀၂၅
Translated by Thettant
ဂျပန်နိုင်ငံမှာ အဓမ္မကျင့်ခံရတာကို အမျိုးသမီးအနည်းငယ်ပဲ ပွင့်ပွင့်လင်းလင်း ပြောပြဝံ့ကြပါတယ်။
ဟီကာရီ (အမည်လွွှဲ) ဟာလည်း သူမရဲ့ အထက်အရာရှိဟောင်းဖြစ်တဲ့ အိုဆာကာအစိုးရရှေ့နေချုပ်က သူမကို အဓမ္မကျင့်ခဲ့တာကို နှစ်ပေါင်းများစွာ တိတ်ဆိတ်စွာ နေခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံးတော့ ဟီကာရီက သူမဘဝအတွက် အလွန်အမင်း ထိခိုက်နစ်နာစေမယ့် လုပ်ရပ်တစ်ခုကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမကိုယ်တိုင်ကလည်း အစိုးရရှေ့နေတစ်ယောက်ဖြစ်တာကြောင့် သူမရဲ့အလုပ်အကိုင်နဲ့ ပုဂ္ဂိုလ်ရေးဘဝမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့် နောင်တတော့ မရပါဘူး။
“ကျွန်မဘဝက အဓမ္မကျင့်ခံရတဲ့အချိန်ကတည်းက ရပ်တန့်နေခဲ့တာ” လို့ ဟီကာရီက AFP ကို စိတ်လှုပ်ရှားစွာ ပြောပါတယ်။
“လွန်ခဲ့တဲ့ရက်ပိုင်းက ကျွန်မခင်ပွန်းက နံရံကို လက်သီးနဲ့ထိုးပြီး ‘ငါ မခံစားနိုင်တော့ဘူး’ လို့ ပြောရင်း ကျွန်မ တစ်သက်မှာ တစ်ခါမှ မကြားဖူးတဲ့ အသံမျိုးနဲ့ ငိုနေတာ” လို့လည်း သူမက ပြောပြပါတယ်။
ဟီကာရီက အိုဆာကာခရိုင် အစိုးရရှေ့နေရုံးအကြီးအကဲဖြစ်သူ ကန်တာရို ကီတာဂါဝါဟာ ၂၀၁၈ ခုနှစ်တုန်းက အလုပ်ပြီးချိန်ပါတီပွဲတစ်ခုမှာ သူမကို အဓမ္မကျင့်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ကီတာဂါဝါကို ၂၀၂၄ ခုနှစ် ဇွန်လအထိ ဖမ်းဆီးခဲ့ခြင်း မရှိဘဲ နောက်ပိုင်းမှ တရားစွဲဆိုကာ သူ့နာမည်ကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။
မနှစ်က အောက်တိုဘာလမှာ ပြုလုပ်တဲ့ ပထမဆုံးရုံးချိန်းမှာ ကီတာဂါဝါက သူကျုးလွန်မိတာအတွက်”ဒီအမှုကို ခုခံချေပဖို့ တရားပြိုင် ရင်ဆိုင်မှာ မဟုတ်ပါဘူး” လို့ ပြောပြီး ကျူးလွန်ခံရသူကို ပြင်းထန်ပြီး ဆိုးရွားတဲ့ ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ့တာအတွက် တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလရောက်တော့ သူ့သဘောထား ပြောင်းလဲသွားပါတယ်။ သူ့ရှေ့နေက “ကီတာဂါဝါက ဟီကာရီဟာ ခုခံနိုင်စွမ်းမရှိဘူးလို့ မယူဆဘဲ သူမ သဘောတူခဲ့တယ်လို့ ယုံကြည်တယ်” လို့ သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
ဟီကာရီကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုကနေ သတင်းအချက်အလက်တွေ ကီတာဂါဝါဆီ ပေါက်ကြားသွားခဲ့ပြီးနောက်မှာ သူ့(ကီတာဂါဝါ)စိတ်ပြောင်းသွားခဲ့တာလို့ မီဒီယာအစီရင်ခံစာတစ်ခုအရ သိရပါတယ်။

◾️ အိပ်မက်ဆိုးကြီး
ဟီကာရီက အရက်ပြင်းတွေ သောက်လေ့မရှိတဲ့အတွက် ရုံးပါတီပွဲ တစ်ဝက်လောက်ရောက်တော့ သူမမှတ်ဉာဏ်တွေ ပျောက်သွားခဲ့တယ်လို့ ပြောပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေက သူမ အိမ်ပြန်ဖို့ တက်လာတဲ့ တက္ကစီထဲကို ကီတာဂါဝါက အတင်းဝင်သွားခဲ့ကြောင်း ရှေ့နေတွေကို သက်သေခံခဲ့ပါတယ်။
အဲဒီနောက် ဟီကာရီ သိလိုက်တဲ့ နောက်တစ်ချက်ကတော့ ကီတာဂါဝါရဲ့ အိမ်မှာ ရောက်နေပြီး အဓမ္မကျင့်ခံနေရတာ ဖြစ်ပါတယ်။ “ဒါဟာ ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးကြီး မက်နေရသလိုပဲ” လို့ ဟီကာရီက AFP ကို ပြောပြပါတယ်။
“သူက ကျွန်မကို သတ်ပစ်နိုင်တယ်လို့ ကြောက်လန့်နေတာကြောင့် ကျွန်မ ခုခံနိုင်စွမ်းမရှိခဲ့ဘူး” လို့လည်း သူမက ဆက်ပြောပါတယ်။
အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက်မှာ ဟီကာရီက တိတ်ဆိတ်စွာ နေခဲ့ပါတယ်။ ကီတာဂါဝါက ဒီအဖြစ်အပျက်ကို လူသိရှင်ကြား မပြောဖို့ တောင်းပန်ခဲ့ပြီး အဲဒါက ရှေ့နေရုံးအတွက် ဆိုးရွားတဲ့ကိစ္စ ဖြစ်သွားနိုင်တယ်လို့ ပြောခဲ့ကြောင်း သူမက ဆိုပါတယ်။ အဓမ္မကျင့်သူ ကီတာဂါဝါက ဒီဖြစ်ရပ်ကို ပြောခဲ့ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ကီတာဂါဝါဟာ အဲဒီအဖြစ်အပျက်ဖြစ်ပြီး တစ်နှစ်အကြာမှာ အငြိမ်းစားယူခဲ့ပေမယ့် ဟီကာရီကတော့ ကီတာဂါဝါဟာ အချို့အရာရှိတွေအပေါ် သြဇာအာဏာရှိနေဆဲဖြစ်ပြီး သူမရဲ့အလုပ်အကိုင်ကို ထိခိုက်စေနိုင်တယ်လို့ ခံစားခဲ့ရပါတယ်။
“သူက အရမ်းကို သြဇာကြီးမားပြီး အင်အားကြီးမားတဲ့သူဖြစ်လို့ ကျွန်မက ဒီအဓမ္မကျင့်မှုအတွက် တိုင်ကြားရင် ဘယ်သူကမှ နားထောင်ပေးမှာ မဟုတ်ဘူးလို့ ကျွန်မ ကြောက်နေခဲ့တယ်” လို့ သူမက ပြောပါတယ်။

◾️ ဘေးကင်းတဲ့ပတ်ဝန်းကျင်
ဒီစိတ်ဒဏ်ရာက သူမကို အမြဲတမ်း နှိပ်စက်နေခဲ့ပါတယ်။ နောက်ဆုံးတော့ စိတ်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ရောဂါ (PTSD) ရနေတယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် အလုပ်ကနေ ခွင့်ယူကာ ၂၀၂၄ ခုနှစ်မှာ အမှုကို တင်သွင်းခဲ့ပါတယ်။
“အသက်ရှင်ဖို့၊ မိသားစုနဲ့အတူ ငြိမ်းချမ်းတဲ့ဘဝကို ပြန်ရဖို့နဲ့ ရှေ့နေအဖြစ် အလုပ်ကို ပြန်သွားနိုင်ဖို့အတွက် ကီတာဂါဝါကို တရားစီရင်ဖို့ လိုအပ်တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်” လို့ သူမက ပြောပါတယ်။
“ကျွန်မက ဘေးကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အလုပ်လုပ်ချင်ရုံပါပဲ။ အလုပ်ကနေတစ်ဆင့် သားကောင်တွေကို ကယ်တင်ချင်တယ်” လို့ သူမက ဆိုပါတယ်။
သူမက စက်တင်ဘာလမှာ အလုပ်ပြန်ဝင်ခဲ့ပေမယ့် မကောင်းတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီထဲမှာ သူမဟာ သားကောင်ဖြစ်ကြောင်း၊ ကီတာဂါဝါကို စွဲလမ်းခဲ့ကြောင်း၊ လိင်ဆက်ဆံဖို့ သဘောတူခဲ့ကြောင်းနဲ့ မူးယစ်နေခြင်းမရှိကြောင်း စတဲ့ ကောလာဟလတွေ ပါဝင်ပါတယ်။ ဟီကာရီက ဒီကောလာဟလတွေဟာ ကီတာဂါဝါနဲ့ နီးစပ်သူတွေကတစ်ဆင့် ပျံ့နှံ့စေခဲ့တယ်လို့ ယုံကြည်ပါတယ်။ အဲဒီကတည်းက သူမဟာ အလုပ်က ခွင့်ယူထားရပါတယ်။
သူမရဲ့ ခင်ပွန်းကတော့ အကြီးမားဆုံး အားပေးထောက်ခံသူ ဖြစ်ပေမယ့် “ကျွန်မကို ဘယ်လို ကယ်တင်ရမလဲဆိုတာနဲ့ ရုန်းကန်နေရတယ်” လို့ ဟီကာရီက ပြောပါတယ်။

◾️ မျက်နှာဖုံးကွယ်ထားခြင်း
ကီတာဂါဝါရဲ့ ရှေ့နေကတော့ ဒီမုဒိမ်းမှုနဲ့ ပတ်သက်လို့ ဇွန်လ ၃၀ ရက်နေ့က ပေးပို့တဲ့ AFP ရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။
ဟီကာရီက သူမရဲ့နာမည်ကို ထုတ်ဖော်မပြောဘဲ မျက်နှာကို မပြဖို့ စည်းကမ်းသတ်မှတ်ချက်နဲ့ သတင်းစာရှင်းလင်းပွဲတွေနဲ့ အင်တာဗျူးတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒီလိုမျိုး အဓမ္မပြုကျင့်ခံရတဲ့ ရာဇဝတ်မှုတွေရဲ့ သားကောင်ဖြစ်ခဲ့ရသူအနည်းငယ်ကတော့ ပိုပြီး အဆင့်မြင့်တဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ သတင်းထောက်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ရှီအိုရီ အီတိုဟာ နာမည်ကြီး TV သတင်းထောက်တစ်ယောက်က သူမကို အဓမ္မကျင့်တယ်လို့ စွပ်စွဲခဲ့ပြီး အဲဒီအမှုကို အနိုင်ရရှိခဲ့တဲ့အတွက် သမိုင်းဝင်ဖြစ်ခဲ့ရသလို ၂၀၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံကာကွယ်ရေးတပ်ဖွဲ့က အမှုထမ်းအမျိုးသမီး ရီနာ ဂိုနိုအီဟာ သူမကို မုဒိမ်းကျင့်တဲ့ အခြားတပ်သားတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲခဲ့ပြီး အဲဒီထဲက သုံးဦးကို ရာဇဝတ်မှုကနေ ဆိုင်းငံ့ပြစ်ဒဏ်တွေ ပေးခဲ့ပါတယ်။ အမျိုးသမီးနှစ်ဦးလုံးဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိအတွက် ချီးကျူးခံခဲ့ရပေမယ့် အွန်လိုင်းမှာ မုန်းတီးမှုတွေလည်း အများအပြား ရရှိခဲ့ပါတယ်။
အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ဂျပန်အမျိုးသမီး ၈ ဒသမ ၁ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ၁၂ ဒသမ ၅ ယောက်မှာ ၁ ယောက်ဟာ လိင်ပိုင်းဆိုင်ရာ သဘောတူညီမှုမရှိဘဲ လိင် ဆက်ဆံခံရဖူးပါတယ်။ ရဲကို ဆက်သွယ်ခဲ့တာကတော့ ၁ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ၅၅ ဒသမ ၄ ရာခိုင်နှုန်းကတော့ တိတ်ဆိတ်စွာနေခဲ့ကြပါတယ်။
ဒါပေမဲ့ ဆယ့်စန်းတက္ကသိုလ်ရဲ့ ပါမောက္ခ ကာအိုရီ အိုကာမိုတိုကတော့ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအကြောင်း ပြောဖို့ အဆင်ပြေတယ်ဆိုတဲ့ အယူအဆက ပျံ့နှံ့နေပြီ” လို့ ပြောခဲ့သလို မုဒိမ်းကျင့်ခံရတဲ့ သားကောင်တွေကို ကူညီပေးနေတဲ့ စိတ်ရောဂါကုဆရာဝန် အိုကာမိုတိုကလည်း အကူအညီပေးရေးစင်တာတွေကို ဆွေးနွေးတိုင်ပင်တဲ့ လူဦးရေလည်း တိုးလာနေတယ်လို့ ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့လိုမျိုး လိင်ပိုင်းဆိုင်ရာပြုကျင့်သူတွေကို ရှုတ်ချတဲ့ အပြစ်ပေးဖို့တောင်းဆိုတဲ့ #MeToo လှုပ်ရှားမှုမျိုး ကြီးကြီးမားမား မရှိသေးပေမယ့် ၂၀၁၉ ခုနှစ်တုန်းက ဂျပန်မှာ အဓမ္မမှုနဲ့ စွပ်စွဲခံရတဲ့သူအချို့ကို တရားသေလွှတ်ပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆန့်ကျင်ရေး ချီတက်ပွဲ အသေးစားလေးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ဖို့ ဥပဒေပြောင်းလဲမှုတွေကလည်း အထောက်အကူပြုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အဓမ္မကျင့်မှုရဲ့ အဓိပ္ပာယ်ကို ပိုပြီး ကျယ်ပြန့်အောင် ပြောင်းလဲခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ သားကောင်တွေအနေနဲ့ အကြမ်းဖက်မှု ဒါမှမဟုတ် ခြိမ်းခြောက်မှု ရှိကြောင်း သက်သေပြဖို့ မလိုအပ်တော့တဲ့အခြေအနေကို အိုကာမိုတိုက”အရင်တုန်းကတော့ အဓမ္မကျင့်ခံရတာကို သတင်းပို့ရင်တောင်မှ သင်ပဲ နာကျင်ရမှာ ဖြစ်ပြီး တရားခံကို ဖမ်းမိမှာ မဟုတ်ဘူးလို့ လူအများက ထင်ခဲ့ကြတယ်” လို့ ပြောပါတယ်။

◾️ အလုပ်အကိုင် တိုးတက်ရေး
ကိုယ်တိုင်လည်း ရှေ့နေတစ်ဦးဖြစ်နေတဲ့ ဟီကာရီက ဂျပန်ရဲ့ ဥပဒေရေးရာလောကမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေဟာ “အလွန်အကျွံ” ဖြစ်နေတယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၆ နှစ်အတွင်း ရှေ့နေရုံးတွေက ဝန်ထမ်း ၂၁ ယောက်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အပြစ်ပေးခဲ့ကြောင်း ပြည်သူ့မှတ်တမ်းတွေက ပြသနေတယ်လို့ သူမက ဆိုပါတယ်။
“အရာရှိတွေက ရာထူးတက်လာတာနဲ့အမျှ သူတို့ဘာမဆို လုပ်နိုင်တယ်လို့ ခံစားရတယ်” လို့ ဟီကာရီက ပြောပါတယ်။
“ရှေ့နေတွေမှာ ရှယ်ယာရှင်တွေ၊ ကမကထပြုသူတွေနဲ့ ပြင်ပဖိအားတွေ မရှိဘူး” လို့ သူမက ပြောပါတယ်။
သူမကို ထောက်ခံသူတွေက အခုနှစ် ဇန်နဝါရီလမှာ မုဒိမ်းတရားခံ ကီတာဂါဝါကို ထောင်ဒဏ်ကြာမြင့်စွာ ချမှတ်ဖို့နဲ့ သူမကို စစ်ဆေးတဲ့ အချက်အလက်တွေ ပေါက်ကြားစေခဲ့ဖွယ်ရှိတဲ့ လက်ထောက်ရှေ့နေကိုလည်း ပြင်းထန်စွာ အပြစ်ပေးဖို့ အစိုးရကို တောင်းဆိုတဲ့ အသနားခံစာတစ်စောင် တင်သွင်းခဲ့ပါတယ်။ ဒီအသနားခံစာမှာ လက်မှတ် ၆၈,၀၀၀ ကျော် ရရှိထားပါတယ်။
“ကျွန်မအနေနဲ့ လူသိရှင်ကြား ဆက်ပြီး ပြောနေရတာက ပြုကျင့်ခံရတွေရဲ့ အမှားမဟုတ်ဘူးလို့ ဆက်ပြောချင်လို့ပါ” လို့ Hikari က ပြောခဲ့သလို”ကျွန်မက သင့်မျက်နှာတွေကို မသိရပေမယ့်(သူမကိုယ်တိုင် ရုပ်မပြထားသလိုမျိုး အခြားပြုကျင့်ခံရသူတွေကလည်း ရုပ်မပြရဲ) အနည်းဆုံးတော့ ကျွန်မက သင့်ဘက်က ရပ်တည်နေပါတယ်လို့ ပြောချင်တယ်” လို့ သူမက ဆိုပါတယ်။
Ref, AFP Via Bangkok Post
