




၁၁.၈.၂၀၂၅
Written By Thandar
ဖခင်ဖြစ်သူ နံနက်ခင်းဂျာနယ် အယ်ဒီတာချုပ် ကိုဇန်ဇန်ဟာ ဩဂုတ်လ ၁၀ ရက်နေ့က ပြင်ဦးလွင်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်းကို သမီးဖြစ်သူ ခေတ်သခင်@ခေတ်ခေတ်က အသိပေးလာခဲ့ပါတယ်။
“သူငယ်ချင်းတို့ရေ…သမီးလေး ခေတ်သခင်ရဲ့ ဖခင် ဦးဇန်ဇန် မနေ့ညကဘဲ ပြင်ဦးလွင်မြို့မှာ ကွယ်လွန်သွားပြီ သိရလို့ပါ။ သမီးလေး ဆုံးရှုံးမှုအတွက် များစွာ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီနေ့ အဖေ မရှိတော့တာ တစ်ပတ်ပြည့်ပြီ။ မနက်ငါးနာရီမှာ အရုဏ်ဆွမ်းကပ်ဖို့ ပြင်ဆင်နေတုန်းမှာ အပေါ်ထပ်ကနေ မကြီးလှမ်းပြောလို့ သိရတာပါ။ သမီးလေးကတော့ သူ့ဖခင် နောက်ဆုံးအချိန်မှာ မတွေ့လိုက်ရလို့ ငိုတာပေါ့။ မလေးကတော့ ငိုရတာ အသားကျနေပြီမို့ ငိုခြင်းသဘောကို လျစ်လျှုရှုပြီ နေနိုင်ခဲ့တာ အဖေ ဆုံးတဲ့နေ့ကတည်းကပါ”လို့ သရုပ်ဆောင် စိုးမြတ်ကလျာက ပရိသတ်သိအောင် ရင်ဖွင့်လာပါတယ်။
တစ်ပတ်အတွင်းမှာ မိသားစုဝင်နှစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့ ခေတ်သခင်ကတော့ စိုးမြတ်ကလျာရဲ့ တစ်ဦး တည်းသော သမီးလေးဖြစ်ပြီး ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာတို့ရဲ့ တူမဖြစ်ပါတယ်။ ခေတ်သခင်ဟာ လွန်ခဲ့တဲ့ ၆ ရက်ကပဲ အဘိုးဖြစ်သူ ဦးစိုးမြင့်ကို ဆုံးရှုံးထားတာလည်းဖြစ်ပြီး ယခုအခါ ဖခင်ဖြစ်သူ ဦးဇန်ဇန်ကို ဆက်လက်ဆုံးရှုံးလိုက်ရတာလည်း ဖြစ်ပါတယ်။
“တရားဝင် ကွာရှင်းခဲ့တာလည်း ၁၇ နှစ် ရှိပါပြီ။ ဒါပေမဲ့ သမီးလေး တွေ့ချင်တယ်ဆိုလို လွန်ခဲ့တဲ့ ၂ နှစ်က ပြင်ဦးလွင်ကို လိုက်ပိုခဲ့ပေးပြီးပါပြီ။ သမီးလေး အတွက် အဆင်မပြေမှုတွေ များလာလို့ နောက်ဆုံးကလေးကို ပြန်ခေါ်လာပြီး အဆက်အသွယ်ဖြတ်လိုက်ပါတယ်။ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ရှိနေတဲ့ အချိန်မှာ ဟိုတလောလေးက အမေ့ဆီ ဖုန်းဆက်ပြီး သူလာချင်တယ် ပြောပေမဲ့ မလေးကိုယ်တိုင်ကိုက လက်မခံတော့တာပါ။ ဘာလို့လဲဆိုတော့ အကြိမ်ကြိမ် အခါခါ ငိုကြွေးရခြင်းကို စွန့်လွှတ်ခဲ့ပြီးပြီမို့ အဟောင်းတွေ အသစ် ပြန်မဖြစ်ချင်တော့လို့ပါ။ သမီးလေးအတွက် ဖခင်မရှိတော့ပေမဲ့ မလေးကတော့ ရှိနေဦးမှာမို သမီးလေး ကျေနပ်သွားအောင် ဒီစာလေးကို ရေးတင်လိုက်ရခြင်း ဖြစ်ပါတယ်။ ဒီလိုဘဲ မလေးတို့မှာ ဖခင် မရှိတော့ပေမဲ့ မိခင် ဆိုတာ ရှိနေသေးလို့ မရှိတော့တဲ့အရာအတွက် ဆက်ပြီး ဝမ်းမနည်းချင်တော့လို့ တစ်ပတ်ပြည့်တဲ့နေ့မှာဘဲ အဖေ့အတွက် ကုသိုလ်ကောင်းမှုတွေကို အမျှဝေလို့ ရောက်ရာဘုံဘဝကနေ သာဓု ခေါ်စေဖို့ အတွက် ပြင်ဆင်နေချိန်မှာ နောက်ထပ် နာရေးတစ်ခု ကြားသိရတော့ သက်ပြင်းအခါခါချမိပါတယ်။ အဖေ့ လို ရုတ်တရက် ကွယ်ပျောက်သွားလိမ့်မယ်လို့ မထင်မိတော့ အံဩမိတာလည်း ပါတာပေါ့လေ။ သမီးလေးကိုဘဲ အားပေးကြဖို့ သူငယ်ချင်းတွေကိုလှမ်းပြီး အသိပေးလိုက်ရပတယ်ရှင်။ ချစ်တဲ့မလေး”လို့ စိုးမြတ်ကလျာက ခင်ပွန်းဟောင်းနဲ့ ပတ်သက်လို့ ဆက်လက်ပြောပါတယ်။
ကွန်လွန်သူ နံနက်ခင်းအယ်ဒီတာချုပ်ဟောင်း ကိုဇန်ဇန်ဟာ အမည်ရင်း ဦးခင်မောင်သန်းဖြစ်ပြီး ကိုရင်မောင်အမည်နဲ့လည်း စာပေးရေးသားခဲ့သလို ကွယ်လွန်ချိန်မှာ အသက် ၆၀ နှစ် ရှိနေပြီဖြစ်ကာ ဩဂုတ် ၉ ရက်မှာ နှလုံး၊ ဆီးချိုရောဂါတွေနဲ့ ရုတ်တရက်ကွယ်လွန်သွားတာလို့လည်း အနုပညာအသိုင်းအဝိုင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
