◾ တနိုင်းတွင်လည်း ကလေးငယ် မီးခြစ်ဖြင့်ဆော့ရာမှ နေအိမ်နှစ်လုံးမီးလောင်မှု ဖြစ်ပွား

၁၁.၈.၂၀၂၅
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၁၁)ရှိ နေအိမ်တစ်လုံးတွင် ညီအစ်ကိုချင်းစကားများရာမှ နေအိမ်မီးရှို့သဖြင့် လူနေအိမ်သုံးလုံးမီးလောင်ဆုံးရှုံးမှု ယနေ့ သြဂုတ်လ ၁၁ ရက်၊ နံနက် ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့သလို တနိုင်းမြို့နယ်၊ ဆင်မ်ဆာ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်လည်း ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကလေးငယ်တစ်ဦး မီးခြစ်ဖြင့်ဆော့ကစားရာမှ နေအိမ်နှစ်လုံးမီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဥ်များတွင် မြစ်ကြီးနားမြို့နယ်၊ ရမ်ပူရပ်ကွက်၊ နယ်မြေ (၁၁)ရှိ နေအိမ်တစ်လုံး၌ ငှားရမ်းနေထိုင်သော ညီအစ်ကိုနှစ်ဦး စကားများကြရာမှ ညီဖြစ်သူက အိမ်မီးရှို့သဖြင့် သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း နှစ်ထပ်နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ် ၃၀ ကြာ ငြှိမ်းသတ်ခဲ့ရပြီး ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းဝင်များနှင့် ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
နေအိမ်မီးရှို့မှုကြောင့် ညီဖြစ်သူ ဦးမျိုးမင်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် မြစ်ကြီးနားနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ထို့အတူ ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဆင်မ်ဆာ့ရပ်ကွက်ရှိ သွပ်မိုးထရံကာ နှစ်ထပ်အိမ်ပေါ်တွင် လေးနှစ်အရွယ်ကလေးငယ်တစ်ဦး မီးခြစ်ဖြင့်ဆော့ကစားရာမှ နေအိမ်နှစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပြီး အဆိုပါမီးလောင်မှုကို ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
