◾ ဗန်းမော်မြို့ကို ကိုးလခန့်ကြာတိုက်နေသော်လည်း မအောင်မြင်ဘဲ အရေးနိမ့်နေသော KIA က တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုသည့်သဘောထားကို တရုတ်၊ ဂျပန် အထူးကိုယ်စားလှယ်များနှင့် နိုင်ငံတကာသံတမန်များကို တိုင်တည် တင်ပြထားသည်ဟုပါ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော် ပြောလာ

၁၁. ၈. ၂၀၂၅
Written by Nay Moe
ရက်ပိုင်းအတွင်း ဗန်းမော်မြို့ကို သိမ်းယူမည်ဟု ကြွေးကြော်ကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သော်လည်း သိမ်းနိုင်ခြင်းမရှိဘဲ KIA, KPDF နှင့် အညာဒေသမှ PDF များ ရာထောင်ချီသုံးကာ ကိုးလခန့်ကြာတိုက်နေသည့်ကြားမှ အရေးနိမ့်ကာ ဗန်းမော်မြို့မှ KIA နှင့် ပူးပေါင်းလက်နက်ကိုင်များ ထွက်ပြေးနေရချိန်တွင် တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း တရုတ်၊ ဂျပန်နိုင်ငံနှင့် အထူးသံတမန်များထံ တိုင်တည်တင်ပြထားသည်ဟု KIO/ KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က လူမှူကွန်ရက်တွင် ဖွင့်ဟလာသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်က တပ်မတော်နှင့် ငြိမ်းချမ်းရေးစကားပြောနေကြောင်း ဖွင့်ဟမှုမှာ BBC သတင်းဌာနက ပြီးခဲ့သည့်လတွင် KIA အနေဖြင့် တပ်မတော်ကို ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ကမ်းလှမ်းသည်ကို တပ်မတော်က ပယ်ချလိုက်သည်မှာ မှန်မမှန် ပြန်ဖြေရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်ပြီး ထိုသို့ဖော်ပြသည့် ယနေ့မှာ တပ်မတော်က ဗန်းမော်မြို့မှ လေဆိပ်၊ အမတ (၃၆၆) နှင့် စရတ တပ်တို့ကို ပြန်လည်သိမ်းပိုက်လိုက်သဖြင့် KIA, KPDF နှင့် အညာဒေသမှ PDF များ ထွက်ပြေးနေရသည့်နေ့လည်းဖြစ်သည်။

ထိုသို့ BBC က KIA အနေဖြင့် တပ်မတော်ကို ငြိမ်းချမ်းရေးကမ်းလှမ်းကြောင်း မေးမြန်းသည့်အပေါ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ငြင်းဆိုပြီး ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးစကားဝိုင်းအပြီးတွင် ကချင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) ကို တပ်မတော်က KIO နှင့် အွန်လိုင်းဆွေးနွေးရန် အကြောင်းကြားကြောင်း၊ KIO က မြေပြင်တွင်ဆွေးနွေးလိုသဖြင့် မြစ်ကြီးနားသို့လာရန် အကြောင်းပြန်သော်လည်း တပ်မတော်က အကြောင်းမပြန်ခဲ့ကြောင်း၊ KIO ၏ သဘောထားကို သတင်းထုတ်ပြန်မှုမလုပ်သော်လည်း တရုတ်အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံအထူးကိုယ်စားလှယ်များနှင့် နိုင်ငံတကာသံတမန်များထံ အသိပေးထားသည်ဟု ဖြေဆိုထားသည်။

သို့သော် BBC သတင်းဌာနကမူ ဗိုလ်ချုပ်ကြီးဂွမ်မော်၏ ဖြေဆိုမှုများကို အပြည့်အစုံဖော်ပြမှုမရှိဘဲ “ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ “NSPNC (ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ) က ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒီအကြောင်းကို တင်ပြပေမဲ့ တပ်ချုပ်က ဗန်းမော်မှာတိုက်ပွဲ ပြင်းထန်နေလို့ ပြီးမှပဲ ပြောရအောင်ဆိုပြီး ပယ်ချလိုက်တယ်လို့ကြားတယ်” ဟု ပြောသည်ကို အထူးဖော်ပြခဲ့ကာ ဗိုလ်ချုပ်ကြီးဂွမ်မော်က ” Q&A ကို ဘာကြောင့် အပြည့်အစုံမဖော်ပြတာလဲ။”ဟု မေးချိန်မှသာ အနည်းငယ်ဖြည့်စွက်ဖော်ပြခဲ့သည်ကို တွေ့ရသည်။
