




၁၁.၈.၂၀၂၅
Written By Thandar
၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် “လူငယ်ဖိုရမ်” ဆွေးနွေးပွဲကိုတော့ ယနေ့ ဩဂုတ် ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ၂ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
“လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ် မင်းဓမ္မလမ်းရှိ ကွန်ဗန်းရှင်းစင်တာ (MCC) ခန်း မမှာကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ ဝန်ကြီးတွေ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ လူငယ်ရေးရာကော်မတီဝင်တွေ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဝင်တွေ၊ ဆပ်ကော်မတီ အသီးသီးက ကော်မတီဝင်တွေ၊ လူငယ်(၁၈)ဖွဲ့က ဥက္ကဋ္ဌတွေနဲ့ လူငယ်ကိုယ်စားလှယ်တွေ၊ တက္ကသိုလ်၊ ကောလိပ်တွေက လူငယ်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူများစွာ တက်ရောက်ခဲ့ကြပါတယ်။
“၂၀၂၅ ခုနှစ် ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကျင်းပတဲ့နေရာမှာ“Local Youth Actions For The SDGs And Beyond” “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်တွေထွန်းကားလာဖို့ လူတိုင်း လက်လှမ်းမိတဲ့ ဘက်စုံပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေး၊ တစ်မျိုးသားလုံး သက်ရှည်ကျမ်းမာကြံ့ခိုင်ရေးနဲ့ ခေတ်မီဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ရေးလုပ်ငန်းတွေမှာ လူငယ်များအနေနဲ့ အဓိကစွမ်းအားစုအနေနဲ့ ပါဝင်နိုင်ရေး ဗလငါးတန်နဲ့ပြည့်စုံတဲ့လူငယ်တွေ ဖြစ်ပေါ်စေဖို့ လူငယ်ကဏ္ဍကိုမြှင့်တင်ရေးစတဲ့ ဦးတည်ချက်တွေကို ချမှတ်ပြီး လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အနေနဲ့ စီမံဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ လူငယ်ရေးရာမူဝါဒ ချမှတ်ဆောင်ရွက်နေပါတယ်။ လူငယ်မူဝါဒဆိုတာ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှူစတဲ့ အနာဂတ်အလားအလာကောင်းတွေကို သက်ဆိုင်သူတွေက ဖြည့်ဆည်းနိုင်မယ့် လိုအပ်တဲ့အရင်းအမြစ်တွေ ပံ့ပိုးရမယ့် ဝန်ဆောင်မှုတွေကို ဖော်ဆောင်ထားတဲ့ မူဘောင်တစ်ခုကို ဆိုပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။
ဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက်မှာ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက Leadership ခေါင်းစဉ်နဲ့ဟောပြောဆွေးနွေးခြင်း၊ “ဘက်စုံဖွံ့ဖြိုးတိုးတက်မှ ပြည့်စုံလှပလူငယ်ဘဝ” ခေါင်းစဉ်နဲ့ လူငယ်စကားဝိုင်း ကျင်းပရာမှာ ဦးသူရိန်အောင် (ဥက္ကဋ္ဌ – ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်သူများအသင်း)က Moderator အဖြစ်ဆောင်ရွက်ပြီး Speaker တွေအနေနဲ့ ကိုကို(စက်မှုတက္ကသိုလ်) ဥက္ကဋ္ဌ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့၊ ဒေါ်ပို့ပို့ကြည် (Founder of Myanmar Imperial Collage )၊ ဒေါ်မြသန္တာဦး(Eco System Builder & Owner of My Jobs Myanmar)က ဆွေးနွေးခြင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးခေါင်းစဉ်နဲ့ ဆရာကြီး ဦးတင်ဇံကျော်က ဟောပြောဆွေးနွေးခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။
“ဒီဆောင်ပုဒ်နဲ့အညီ ကမ္ဘာ့ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ မှ ပန်းတိုင်အချို့ကို ဦးတည်ဆွေးနွေးသည့် လူငယ်ဖိုရမ်ကို ခေါင်းစဉ် (၅)ခု ခွဲခြား သတ်မှတ်ကာ အုပ်စုများခွဲပြီး ဆွေးနွေးစေမှာဖြစ်ပါတယ်။ ယခုကျင်းပတဲ့ လူငယ်ဖိုရမ်ကြီးက ရလဒ်ကောင်းတွေ လူငယ်တွေအတွက် အများကြီး ပေးနိုင်မယ်ဆိုတာကို ယုံကြည်ပါတယ်။ အသိပညာပေး ဆွေးနွေးပေးမယ့် ပညာရှင်တွေသည်လည်း လုပ်ငန်းနယ်ပယ် အသီးသီးတွင် အောင်မြင်ကျော်ကြားသူတွေဖြစ်တဲ့အတွက် လူငယ်မောင်မယ်တွေ ခွန်အားဖြစ်စေမယ့် ဗဟုသုတများစွာပေးသွားနိုင်မှာ ဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ နိုးကြားတက်ကြွစွာ မှတ်သားနာယူကြဖို့ လိုကြောင်း အလေးအနက်ထား ပြောကြားလိုပါတယ်” လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် ၂၀၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှု အစီအစဉ်အနေနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၇) ခုပါ ပန်းတိုင်တွေကို အုပ်စု(၅)စု ခွဲပြီး “လူငယ်တွေပါဝင်တဲ့ တိုးတက်ခိုင်မာအားကောင်းတဲ့ လူမှုအသိုက် အဝန်းဖော်ဆောင်ရေး”၊”ပညာပြည့်ဝ ကျန်းမာမှ လူငယ်ဘဝ လှပမည်”၊”စက်မှု၊ စီးပွား၊ နည်းပညာနှင့်လူငယ်များ၏ အနာဂတ်”၊” တရားမျှတသော အခွင့်အလမ်းများဖြင့် တည်တံ့ သောငြိမ်းချမ်းရေး တည်ဆောက်မည့်တို့ လူငယ်၊ “သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော မြို့ပြနှင့်ကျေးလက် လူငယ်များ၏ လူမှုအသိုက်အဝန်း” စတဲ့ ခေါင်းစဉ်တွေကိုလည်း အုပ်စုတစ်ခုမှာ လူငယ် ၄၂ ဦးက အုပ်စု (၅) စုဖွဲ့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
