◾️ ယာယီသမ္မတ ဦးမြင့်ဆွေအတွက် အမိန့်ပြန်တမ်းအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဖတ်ကြား

၁၁. ၈. ၂၀၂၅
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတဦးမြင့်ဆွေ၏ နိုင်ငံတော် ဈာပနအခမ်းအနားအား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်နှင့် တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်) တို့၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့သည်။

အဆိုပါ နိုင်ငံတော်ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိ ကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၊ ဒုတိယသမ္မတ (ငြိမ်း)များ ဖြစ်ကြသည့် သီဟသူရတင်အောင်မြင့်ဦးနှင့် ဦးဉာဏ်ထွန်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ခဲ့သည်။

ထို့အပြင် အငြိမ်းစား အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ကော်မရှင်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ အငြိမ်းစားပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဦးစွာ ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား တက်ရောက်လာသည့် အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် မိသားစုဝင်များက ကြည့်ရှုဂါရဝပြုကြပြီးနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်ဈာပနအခမ်းအနားသို့ ရောက်ရှိကြပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်အား ကြည့်ရှုဂါရဝပြုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက် ရောက်လာကြသူများသည် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ဆိုပွားများချီးမြှင့်တော်မူကြသည့် “သဗ္ဗေ သင်္ခါရာ အနိစ္စာတိ” အစချီသည့် သံဝေဂသုံး ဂါထာကို နာယူကြပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေးနှင့် မိသားစုများသည် ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းအစရှိသော လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြကြသည်။

ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီး ဒေါ်ခင်သက်ဌေး နှင့်မိသားစုများ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးနှင့် တက်ရောက်လာကြသူများသည် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ထံမှ သံဝေဂ ကထာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်တင်ဆောင်ထားသည့် အမြောက်ယာဉ်နှင့် နိုင်ငံတော်ဈာပနယာဉ်တန်းသည် နေပြည်တော် တပ်မတော်ဆေးရုံကြီးရှိ ငြိမ်းအေးဇရပ်မှ တပ်မတော်စစ်သင်္ချိုင်း(နေပြည်တော်)သို့ ပုဗ္ဗသီရိမြို့ပတ်လမ်းအတိုင်း ထွက်ခွခဲ့ရာ မောင်းနှင်လာရာ လမ်းတစ်လျှောက်၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများက ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဂါရဝပြုဦးညွှတ်နှုတ်ဆက်ကြသည်။

နိုင်ငံတော်ဈာပနယာဉ်တန်းသည် တပ်မတော်စစ်သင်္ချိုင်း (နေပြည်တော်)သို့ ရောက်ရှိပြီး ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား ဂုဏ်ပြုအခမ်းအနား ကျင်းပမည့်နေရာသို့ ဂုဏ်ပြုစစ်ရေးပြဖြင့် ပို့ဆောင်ကြပြီးနောက် ယာယီသမ္မတဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ပြည်ထောင်စုဝန်ကြီး ၈ ဦးက ရုပ်ကလာပ်တင်စင်ပေါ်သို့ ပို့ဆောင် တင်ဆောင်ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်ပြန်တမ်းအား ဖတ်ကြားပြီး အမိန့်ပြန်တမ်းအား ယာယီသမ္မတဦးမြင့်ဆွေ၏ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်ထည့်သွင်းထားသော အခေါင်းအတွင်းသို့ ထည့်သွင်းသည်။

ဆက်လက်၍ တပ်မတော်ဂုဏ်ပြုသေနတ်ပစ်အဖွဲ့က သေနတ် ၃ ချက်ပစ်ဖောက် ဂုဏ်ပြုကြပြီး နောက်ဆုံးအကြိမ်အဖြစ် သေနတ်မြှောက်အလေးပြုကာ စစ်ခရာမှုတ်၍ ဂုဏ်ပြုကြပြီးနောက် အခမ်းအနားတက်ရောက်လာကြသည့် ကိုရီးယား ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီးနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအို နိုင်ငံတို့မှ သံအမတ်ကြီးများ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့မှ သံရုံးယာယီတာဝန်ခံများ၊ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး ကိုယ်စား ပထမအတွင်းဝန်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူး ၁၆ ဦးတို့က ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား တစ်ဦးချင်း ဂါရဝပြုကြသည်။

ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ဇနီးနှင့် မိသားစုဝင်များက နောက်ဆုံးအကြိမ်အဖြစ်ဂါရဝပြုကြပြီး ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား မီးသင်္ဂြိုဟ်စက်အတွင်းသို့ ထည့်သွင်းမီးသင်္ဂြိုဟ်ခဲ့ပြီးနောက် ယာယီသမ္မတ ဦးမြင့်ဆွေ၏ အရိုးပြာထည့်သွင်းထားသော ကြွေအိုးအား ယာယီသမ္မတဦးမြင့်ဆွေ၏ သားဗိုလ်ကြီး ကျော်ဘုန်းမြင့်(ငြိမ်း)က ဦးဆောင်ကာ မိသားစုဝင်များနှင့်အတူ ဂူသွင်းမည့်နေရာသို့ သယ်ဆောင်ကြပြီး နိုင်ငံတော်ဈာပန ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ယာယီသမ္မတဦးမြင့်ဆွေ၏ အရိုးပြာကြွေအိုးအား ဂူအတွင်း ထည့်သွင်း၍ ဂူပိတ်မှုကို ကြည့်ရှုဂါဝရပြုကြသည်။
