
၁၁.၈.၂၀၂၅
Written by Hey Mar
ရထားသံလမ်းကူးမှာ ရထားနဲ့ အိမ်စီးကားတိုက်မိတဲ့ဖြစ်စဉ် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ နံသာကျေးရွာမှာ ဒီနေ့ ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူ လေးဦး ထိခိုက်ဒဏ်ရာတချို့ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)ထံကနေ သိရပါတယ်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားတဲ့ သတင်းအရ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ အချိန်နဲ့တစ်ပြေးညီ ထွက်ခွာခဲ့ပြီး ထိခိုက်ဒဏ်ရာရ လူနာတွေကို ရှေးဦးပြုစုပေးတာတွေ ဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါသူ ယာဉ်မောင်းအမျိုးသားနဲ့ အမျိုးသမီး သုံးဦးတို့ မစိုးရိမ်ရ ပြင်ပ ဒဏ်ရာတွေသာ ရရှိခဲ့ ပြီး၊ ထိတ်လန့် နေတာမျိုးတွေတော့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)မှ ပြန်ကြားရေးတာဝန်ရှိသူက “ရထားလမ်းကလည်း ရထားလာတော့မှာမို့ တန်းချပြီး ပိတ်လိုက်ပြီးပါပြီ။ အဲ့ဒီကားလေးက ရွာလမ်းကနေ တက်လာတာမို့ ရထားကို မမြင်ဘဲ တက်လာတာမှာ တိုက်မိတာပါ။ ဟိုလိုကြီး ခါးလည်ကနေ ဖြတ်တိုက်မိတာမျိုး မဟုတ်ပါဘူး။ ရှေ့ဘေးခြမ်းလောက်ထိသွားတာပါ။ လူတွေလည်း သိပ်မထိပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
တိုက်မိတဲ့ မော်တော်ကားကို ဘေးကင်းရာဆီ ကရိန်းနဲ့ ရွှေ့ပြောင်းပေးတာတွေကိုလည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲနဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ကူညီ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
