
၁၁. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အူထိုင်းဌာနီပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးသည် စာမေးပွဲရမှတ်ကို မကျေနပ်သောကြောင့် အမျိုးသမီးဆရာမတစ်ဦးကို တိုက်ခိုက်ခဲ့သည်။
တိုက်ခိုက်ခံရသော ဆရာမက Teacher Arty ဆိုသည့် Facebook စာမျက်နှာကို ဦးစီးသူ ဆရာတစ်ဦးအား ဖြစ်စဉ်အကြောင်း ပြောပြပြီးနောက် အဆိုပါ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုမှာ ပေါ်ပေါက်လာခြင်းဖြစ်သည်။
အဆိုပါစာမျက်နှာမှ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖြစ်စဉ်အသေးစိတ်ကို တင်ခဲ့ရာ ထိုင်းဆရာ၊ ဆရာမများနှင့် မိဘများအကြား အကြီးအကျယ် ငြင်းခုန်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် သတင်းအေဂျင်စီအချို့ကပါ စိတ်ဝင်စားမှုရှိလာခဲ့သော်လည်း ဆရာမက အင်တာဗျူးဖြေဆိုရန် အဆင်သင့်မဖြစ်သေးကြောင်း ငြင်းဆိုခဲ့သည်။ သို့သော် သူမက တိုက်ခိုက်သူ ဆယ်ကျော်သက် ကျောင်းသားအား ဥပဒေအရ အပြစ်ပေးနိုင်သမျှ ရအောင် အပြစ်ပေးမည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
ထိုင်းသတင်းများအရ အဆိုပါဖြစ်ရပ်မှာ ဩဂုတ်လ ၅ ရက်တွင် သင်္ချာဆရာမက စာမေးပွဲရလဒ်များကို ကြေညာစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်သူကျောင်းသားက အမှတ် ၂၀ ပေးသော အဖြေလွှာတွင် အဖြေမှန်ပါလျက် ၁၈ မှတ်သာပေးထားမှုအပေါ် သူ့အမှတ်ကို မည်သည့်အတွက် လျှော့ချထားကြောင်း လာရောက်မေးမြန်းရာ ဆရာမက အဖြေမှန်သော်လည်း လုပ်ထုံးလုပ်နည်းများအရ အဖြေရှာပုံရှာနည်းကို ဖော်ပြရန် ပျက်ကွက်ခဲ့သောကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ကျောင်းသားက အဖြေမှန်သည့်အတွက် အမှတ်ပြည့်ပေးသင့်သည်ဟု ငြင်းခုန်ခဲ့ရာ ဆရာမကလည်း သူမ၏ဆုံးဖြတ်ချက်ကို သဘောမတူပါက အခြားဆရာ၊ ဆရာမများနှင့် တိုင်ပင်နိုင်ကြောင်း အကြံပေးခဲ့သည်။
ကျောင်းသားက အခြားဆရာ၊ ဆရာမများနှင့် သွားရောက်စကားပြောပြီးနောက် အခန်းထဲသို့ ပြန်လာကာ အမှတ်ပြည့် ထပ်မံတောင်းဆိုခဲ့သည်။ ဆရာမကလည်း မူလဆုံးဖြတ်ချက်အတိုင်းသာ ရပ်တည်ခဲ့သည်။
ထိုအခါ ကျောင်းသားက ဆရာမ၏ စားပွဲကို ကန်ကျောက်ပြီး အခန်းထဲက ထွက်သွားခဲ့သည်။ ဆယ်မိနစ်ခန့်အကြာတွင် ပြန်ရောက်လာပြီး “မင်းငါ့ကို တောင်းပန်ရမယ်” ဟု ဆရာမကို အော်ပြောခဲ့သည်။ ဆရာမက ငြင်းဆိုပြီး “ဘယ်သူက တောင်းပန်သင့်တာလဲ” ဟု ပြန်မေးရာ ကျောင်းသားက စတင် အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။
ကျောင်းသားက ဆရာမအား လက်သီးဖြင့် အကြိမ်ကြိမ်ထိုး၊ ခြေဖြင့်ကန်ခဲ့သည်။ အတန်းဖော်များက ဝင်ရောက်တားမြစ်ခဲ့သော်လည်း ရပ်တန့်ခြင်းငှာ မစွမ်းသာခဲ့ဘဲ အမျိုးသားဆရာတစ်ဦး ရောက်လာချိန်မှသာ ကျောင်းသားက တိုက်ခိုက်မှု ရပ်တန့်ခဲ့သည်။
ထို့နောက် တိုက်ခိုက်သူကျောင်းသားက ဆရာမအား “သင်ကြားမှုဆိုင်ရာ ရင့်ကျက်မှု မရှိဘူး။ ဆရာမအစား ကျောင်းသားလုပ်တာ ပိုကောင်းမယ်။ ဒါ မင်းနဲ့ ထိုက်တန်တယ်” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးဆရာမသည် ကျောင်းသား၏ တိုက်ခိုက်မှုကြောင့် မျက်လုံးတွင် ပွန်းပဲ့ဒဏ်ရာ၊ ဦးခေါင်းဖူးယောင်မှုနှင့် နံရိုးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ထို့ကြောင့် ဆရာမက နွန်ချန်းရဲစခန်းတွင် အမှုဖွင့်ခဲ့ရာ ကျောင်းသား၏ မိဘများက ဆရာမကို ဆက်သွယ်ကာ တောင်းပန်ခဲ့ကြသည်။
အဆိုပါ တိုက်ခိုက်မှုအတွက် ကျောင်းသားကို ကျောင်းက ပညာသင်ကြားခွင့် ရပ်နားလိုက်ပြီးနောက် ကျောင်းသားက ကျောင်းမှ နုတ်ထွက်သွားခဲ့သည်။
ထိုဖြစ်ရပ်အတွက် ယခုအချိန်အထိ ဥပဒေရေးရာ အရေးယူမှုနှင့်ပတ်သက်၍ နောက်ဆုံးရသတင်းများ မရရှိသေးသလို ကျောင်းသားနှင့် မိသားစုတို့ကလည်း မီဒီယာများကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။
Ref., The Thaiger
