၁၁. ၈. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံမြောက်ပိုင်း ဖတ်ချဘွန်းပြည်နယ်မှာ ကျောင်းသူအမျိုးသမီးငယ်တစ်ဦးရဲ့ တိုင်ကြားမှုအရ ဦးလေးဖြစ်သူက ကျောင်းဆရာတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ပတ်သက်ပြီး စွပ်စွဲတိုက်ခိုက်ခဲ့တဲ့အတွက် စွပ်စွဲခံရတဲ့ကျောင်းဆရာက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာမှာ ပစ်ခတ်ခံရတဲ့ဦးလေးဖြစ်သူ သေဆုံးသွားခဲ့ပါတယ်။
ဖြစ်စဥ်က ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့က ဖတ်ချဘွန်းပြည်နယ်၊ နာပါခရိုင်ရှိ နေအိမ်တစ်လုံးမှာ အသက် ၄၃ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦးဖြစ်တဲ့ သာဝီဆတ်သေဆုံးမှုနဲ့ပတ်သက်ပြီး မူအန်းဖတ်ချဘွန်းရဲစခန်းထံ စုံစမ်းစစ်ဆေးဖို့ ဖုန်းခေါ်ဆိုတာကို လက်ခံရရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေးချိန် သာဝီဆတ်ဟာ ရင်ဘတ်မှာ သေနတ်ဒဏ်ရာနှစ်ချက်နဲ့ အခင်း ဖြစ်ပွားရာနေရာမှာတင် သေဆုံးနေခဲ့တာ တွေ့ရှိရပါတယ်။
ပစ်ခတ်သတ်ဖြတ်သူက ကျောင်းဆရာတစ်ဦးဖြစ်တဲ့ ချိုင်ယန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
ရဲက ဖြစ်ရပ်ဖြစ်ပွားခဲ့တဲ့ နေအိမ်ပိုင်ရှင် အသက် ၄၅ နှစ်အရွယ် ချိုင်ဝပ်ကို အမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ ချိုင်ဝပ်ရဲ့ ရှင်းပြချက်အရ သူနဲ့ ညီဖြစ်သူ သာဝီဆတ်တို့ဟာ ညနေ ၂ နာရီအထိ အရက်သောက်နေခဲ့ကြပြီး ချိုင်ယန်က သူ့ရဲ့(ချိုင်ဝပ်ရဲ့ သမီး) ၁၄ နှစ်အရွယ် သမီးဖြစ်သူကို ခေါပြီး ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ချိုင်ယန်ဟာ ချိုင်ဝပ်ရဲ့သမီး ကျောင်းသူလေးကို သူ့သူငယ်ချင်းအိမ်ကနေ ပြန်လိုက်ပို့ပေးခဲ့တာဖြစ်ပြီး ချိုင်ဝပ်၊ သာဝီဆတ်တို့နဲ့အတူ သောက်ဖို့ သူက အရက်ဝယ်လာခဲ့ပါတယ်။
သူတို့အရက်သောက်နေကြစဉ်မှာပဲ ကျောင်းသူလေးက ဆရာဖြစ်သူ ချိုင်ယန်က ကားပေါ်မှာ သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း အဘွားဖြစ်သူကို ပြောပြခဲ့ပါတယ်။
ကျောင်းသူလေးက ချိုင်ယန်ဟာ သူမရဲ့ လက်မောင်းနဲ့ လည်ပင်းကို ပွတ်သပ်ခဲ့ကြောင်း၊ အဘွားကို ပြောပြနေစဉ်မှာလည်း အားရပါးရ ငိုကြွေးနေခဲ့ကြောင်း ပြောပါတယ်။ အဘွားဖြစ်သူက ချက်ချင်းပဲ ချိုင်ယန်ကို သွားရောက်ပြောဆိုခဲ့ပါတယ်။ အဲဒီအခါ အရက်မူးနေတဲ့ သာဝီဆတ်က ဒေါသထွက်ပြီး ချိုင်ယန်ကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအခါမှာ တိုက်ခိုက်ခံရတဲ့ ဆရာဖြစ်သူ ချိုင်ယန်က ကားထဲကို ပြေးဝင်သွားပြီး သေနတ်တစ်လက်နဲ့ ပြန်လာခဲ့ပါတယ်။ အဲဒီနောက် သာဝီဆတ်ကို သေနတ်နဲ့ နှစ်ချက်ဆင့်ပစ်ခတ်ပြီး အခင်းဖြစ်ရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။
ရဲအရာရှိတွေက Channel 8 သတင်းဌာနကို ပြောကြားရာမှာတော့ ချိုင်ယန်ဟာ ရဲကို ဖုန်းခေါ်ပြီး လက်နက်ချမယ်လို့ ပြောခဲ့ကြောင်း၊ ချိုင်ယန်ကို တွေ့တဲ့အခါမှာတော့ သာဝီဆတ်ရဲ့ တိုက်ခိုက်မှုကြောင့် ရရှိခဲ့တဲ့ဒဏ်ရာတွေအတွက် ဆေးရုံကို အလျင်အမြန် ပို့ဆောင်ပေးခဲ့ရကြောင်း သိရပါတယ်။
ချိုင်ယန်က ပစ်ခတ်သတ်ဖြတ်မှုအတွက် ဝန်ခံခဲ့ပေမဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ပတ်သက်ပြီးတော့ ငြင်းဆိုခဲ့ပါတယ်။ သူက ကျောင်းသူလေးရဲ့ ခေါင်းကို ပွတ်သပ်ခဲ့တာတော့ မှန်ပေမဲ့ လိင်ပိုင်းဆိုင်ရာထိပါးတဲ့ တဏှာပေမနဲ့ ထိတွေ့တဲ့ ခံစားချက်မျိုး မရှိပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ အခြားကျောင်းသားတွေကို ချစ်ခင်သလိုပဲ ချစ်ခင်မြတ်နိုးလို့ ပွတ်သပ်မိတာပါလို့ ရှင်းပြခဲ့ပါတယ်။
ကျောင်းသူလေးကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ အခိုင်အမာ ပြောဆိုနေတဲ့အတွက် ရဲတပ်ဖွဲ့က ကျောင်းသူလေးကို တာဝန်ရှိသူအသီးသီး စုံစုံလင်လင်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့အတူ ထပ်မံမေးမြန်းမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
လက်ရှိအချိန်အထိတော့ ချိုင်ယန်ကို ရာဇဝတ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၈ အရ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ပြစ်ဒဏ်ကတော့ သေဒဏ်၊ တစ်သက်တစ်ကျွန်း ဒါမှမဟုတ် ထောင်ဒဏ် ၁၅ နှစ်ကနေ အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်ပါတယ်။
ဒါ့အပြင် ချိုင်ယန်ဟာ လက်နက်၊ ခဲယမ်း၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ မီးရှူးမီးပန်းများနဲ့ လက်နက်အတုများဆိုင်ရာ အက်ဥပဒေရဲ့ ပုဒ်မ ၈ အရ လိုင်စင်နဲ့ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ သေနတ်ကို အများပြည်သူရှေ့မှာ သယ်ဆောင်မှုနဲ့လည်း စွပ်စွဲခံထားရပါတယ်။ ဒီအတွက် ပြစ်ဒဏ်ကတော့ ထောင်ဒဏ် ၅ နှစ်အထိ ဒါမှမဟုတ် ဘတ် ၁၀,၀၀၀ အထိအပြင် ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိုင်ပါတယ်။
Ref, The Thaiger



