၁၁.၈.၂၀၂၅
Written by Hey Mar
အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးကို လေလွင့်ခွေးနှစ်ကောင်က အမဲလိုက်သလို ကိုက်ဆွဲတဲ့ဖြစ်စဉ် ပဲခူးမြို့ ပန်းခြံကုန်းရပ်ကွက်မှာ မနေ့က ဩဂုတ် ၁၀ ရက် ည ၈ နာရီအချိန်လောက်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံက သိရပါတယ်။
ဖြစ်စဉ်က ကလေးငယ်က နေအိမ်အနောက်ဘက်မှာ အပေါ့သွားနေစဉ် ခွေးဆွဲခံရတာဖြစ်ပြီး အဆိုပါခွေးတွေက ဗမာခွေးမျိုးစိတ်တွေပဲဖြစ်သလို ပိုင်ရှင်မဲ့ဆိုပေမယ့် လမ်းထဲက အိမ်တချို့ အစာကျွေးမွေးတာမျိုးရှိပြီး တရားဝင်ပိုင်ရှင်သာ မရှိတဲ့ ခွေးတွေလို့ သိရပါတယ်။ အဲဒီလို ခွေးကိုက်ဆွဲခံရတာကြောင့် ကလေးငယ်မှာ ပေါက်ပြဲ အသားထစ်ထွက်တဲ့ ဒဏ်ရာတွေ ခန္ဓာကိုယ်အနှံ့ များစွာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
“ခွေးနှစ်ကောင် ဆွဲနေချိန်က မိုးကလည်းရွာတယ်။ ကလေးအသံ ခွေးအသံ ရောနေတော့ ကိုယ်တွေလည်း ရုတ်တရက် မထင်တာ။ ပြေးထွက်ကြည့်တော့မှ ကလေးကို ခွေးက ဝိုင်းဆွဲပြီး အကောင်တစ်ကောင်ကောင်ကို အမဲလိုက်သလို ခါခါထုတ်တာ။ ရေမြောင်းထဲတောင်ပြုတ်ကျတယ်၊ အဲ့ဒါလည်း ထပ်ဆွဲလို့ မနည်းမောင်းရတယ်” လို့ ကလေးငယ်မိသားစုနဲ့ နီးစပ်သူက MT News ကို ပြောပါတယ်။
လက်ရှိမှာ ကလေးငယ်ကတော့ ပဲခူးပြည်သူ့ဆေးရုံကြီး အရေးပေါ်မှာ တက်ရောက်ကုသမှု ခံယူနေရပြီး ကလေးငယ်မှာ ဖခင်မရှိတော့သလို မိခင်ကလည်း အဝေးမှာ အလုပ်သွားရောက်လုပ်ကိုင်နေသူလို့လည်း သိရပါတယ်။ အဘွားလေး (မိခင်ရဲ့ အဒေါ်) ဆီမှာ အပ်နှံထားရင်း အခုလို ဖြစ်ပွားရတာလို့လည်း သိရပါတယ်။
အဆိုပါ လူကိုကိုက်တဲ့ လေလွင့်ခွေးနှစ်ကောင်ကို ဂေဟာကို သွားရောက်ခေါ်ဆောင်ခဲ့တဲ့ လေလွင့်တိရစ္ဆာန် စောင့်ရှောက်ရေးဂေဟာပိုင်ရှင်တစ်ဦးကလည်း “ကိုက်တတ်တဲ့ ခွေးဆိုရင်တော့ တခြားလူသူ အန္တရာယ်မဖြစ်ရအောင်လို့ သွားခေါ်လာပေးတာပါ။ အဲ့ဒီလမ်းထဲ လေလွင့်ခွေးတွေလည်း အတော်များတယ်။ ကျွန်မတို့ဂေဟာကလည်း သားဆက်ခြား မျိုးထိန်းတာ၊ ကာကွယ်ဆေးထိုးတာ ဒါတွေ လုပ်ပေးရင်းပဲ တဖြည်းဖြည်းကောင်ရေ လျှော့ချနေတာပေါ့နော်။ အဆိပ်ချတဲ့ နည်းကတော့အဖြေမဟုတ်ဘူးလေ” လို့ MT News ကို ပြောပါတယ်။
ခွေးကိုက်ခံရတဲ့ ကလေးငယ်က အခုအခါ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံဖို့ အပါအဝင် ခွေးကိုက်ခံရတဲ့ ဒဏ်ရာတွေက တစ်ကိုယ်လုံးမှာ ရရှိထားပြီး လက်နှစ်ဖက်၊ လက်မောင်းရင်း၊ လက်ဖျံ၊ ခြေထောက်၊ ရင်ဘတ်၊ ကျောကုန်း၊ ကုပ်ပိုး၊ ပေါင် စတဲ့ နေရာအစုံ ထိခိုက်ထားပြီး အကူအညီလည်း လိုအပ်နေပါတယ်။
ခွေးကိုက်ခံရတဲ့ ဒဏ်ရာတွေ ကြီးမားပေမယ့် ဘယ်လောက်ပေါက်ပြဲပြဲ ဆေးပညာအရ ခွေးကိုက်ဒဏ်ရာကို ချုပ်ပါက အဆိပ်ကို ပိတ်လှောင်ထားသလိုဖြစ်စေလို့ ချုပ်မရဘဲ ဆေးထည့် ပတ်တီးစည်းထားရတယ်လို့လည်း သိရပါတယ်။


