၁၁. ၈. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ဩဂုတ် ၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်အချိန်က အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားရှာပြီဖြစ်သည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏စျာပနကို နိုင်ငံတော်စျာပနအဖြစ် ယနေ့တွင် ကျင်းပသည်။
နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမည့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ငြိမ်းအေးဇရပ်မှ နေပြည်တော် တပ်မတော်စစ်သင်္ချိုင်းသို့ ယနေ့ မွန်းလွဲပိုင်းတွင် ပို့ဆောင်ခဲ့သည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား နေပြည်တော် တပ်မတော်စစ်သင်္ချိုင်းသို့ သယ်ဆောင်ရာ လမ်းတစ်လျှောက်တွင်လည်း စစ်ဘက်၊ အရပ်ဘက်မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံတကာသံတမန်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ခဲ့သည်ကိုလည်း တွေ့မြင်ရသည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော် တပ်မတော်စစ်သင်္ချိုင်း နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံ့အကြီးအကဲများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာသံတမန်များ၊ စစ်ဘက်/အရပ်ဘက်မှနိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများမှ တက်ရောက်ဂါဝရပြုခဲ့ကြသည်။
ယာယီသမ္မတဦးမြင့်ဆွေ၏ ဈာပနအခမ်းအနားအား နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ဆောင်ရွက်နိုင်ရေး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောကိုယ်တိုင် ဦးဆောင်၍ ဩဂုတ် ၇ ရက်တွင် အစည်းအဝေးပြုလုပ်ကာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခု ဖွဲစည်းပြီး နိုင်ငံတော်ဈာပနအခမ်းအနားတွင် လိုအပ်ချက်များမရှိစေရေး စီမံဆောင်ရွက်ထားကြောင်း သိရသည်။
အသက် ၇၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ ယာယီသမ္မတဦးမြင့်ဆွေ၏ စျာပနအစီအစဥ်အပေါ် ကျန်ရစ်သူ မိသားစုက “နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သမ္မတအိမ်တော်ဝင်း၊ အိမ်အမှတ်(B-2)နေ၊ (ဦးကြီးမောင်- ဒေါ်ကြည်)တို့၏သားကြီး၊ (ဦးယုဝေ)-ဒေါ်ကြင်တင့်တို့၏ သားသမက်၊ ဒေါ်ခင်သက်ဌေး၏ ချစ်လှစွာသောခင်ပွန်း၊ ဒေါ်ခင်သက်ထားဆွေ-ဦးတာရာမြင့်ဆွေ၊ ဦးကျော်ဘုန်းမြင့်-ဒေါ်ဖူးဖူးဖေတို့၏ မွေးသဖခင်၊ မောင်အဂ္ဂမင်းဂေါင်၊ မမြဉ္ဇူသက၊ မကြယ်စင်ဘုန်းမြင့်၊ မဖြူစင်ဘုန်းမြင့်တို့၏အဘိုး ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်(ကြာသပတေးနေ့)၊ နံနက် ၀၈:၂၈ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို ၁၁-၈-၂ဝ၂၅ ရက် (တနင်္လာနေ့) ၁၃:၃၀ နာရီတွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀ဝ) မှ တပ်မတော်စစ်သင်္ချိုင်းသို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။”ဟု နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ဖိတ်ကြားထားသည်။
ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်သည့်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်စျာပနကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသလို ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိကိုလည်း နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် ကြေညာခဲ့သည်။






