၁၁.၈.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်က မြို့တော် ဝါရှင်တန်ဒီစီအတွင်း နေထိုင်နေကြတဲ့ အိုးမဲ့အိမ်မဲ့တွေကို မြို့အပြင်ဘက်ကို ချက်ချင်းပြောင်းရွှေ့ကြဖို့ လူမှုကွန်ရက်မှာ ဩဂုတ်လ ၁၀ ရက်က ပြောကြားခဲ့ပါတယ်။
ထရမ့်ပ်က “ကျွန်တော်တို့ ခင်ဗျားတို့အတွက် နေဖို့ နေရာတွေပေးမှာပါ။ ဒါပေမယ့် မြို့တော်နဲ့တော့ ဝေးလိမ့်မယ်” လို့ Truth Social မှာ ပြောခဲ့ပါတယ်။
စာရင်းဇယားတွေအရတော့ ဝါရှင်တန်ဒီစီမှာ ရာဇဝတ်မှုဖြစ်ပွားမှုနှုန်းတွေ လျော့လာတယ်ဆိုပေမယ့် အခုလိုပြောကြားလိုက်တာက ထရမ့်ပ်အနေနဲ့ မြို့တော်အတွင်း ရာဇဝတ်မှုတွေ ပေါက်ဖွားရာလို့ယူဆရတဲ့ အိုးမဲ့အိမ်မဲ့တွေကို ရှင်းလင်းဖို့ တိုးမြှင့်လုပ်ဆောင်မယ့် သူ့ရဲ့အကြံအစည်ကို အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။
ထရမ့်ပ်က ဇူလိုင်လအတွင်းကလည်း အမေရိကန်ရဲ့ မြို့ကြီးတွေမှာ အိုးမဲ့အိမ်မဲ့တွေကို ဖယ်ရှားရာမှာ ရှေ့နေတွေအတွက် လွယ်ကူစေဖို့ အမိန့်တစ်ရပ်ကို လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါသေးတယ်။ ထရမ့်ပ်ရဲ့ ပြောကြားချက်တွေက ၂၀၂၄ ခုနှစ်အတွင်း ဝါရှင်တန်ဒီစီမှာ အကြမ်းဖက်ရာဇဝတ်မှုတွေ နှစ် ၃၀ အတွင်း အနိမ့်ဆုံးကို လျော့ကျသွားတယ်ဆိုတဲ့ တရားရေးဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေနဲ့တော့ ကွဲလွဲမှုရှိနေပါတယ်။ တရားရေးဝန်ကြီး ဌာနက လူသတ်မှု၊ လုယက်မှုနဲ့ လက်နက်ကိုင်ကားအနုကြမ်းစီးမှုတွေ ဝါရှင်တန်ဒီစီမှာကျဆင်းသွားတယ်လို့ ဆိုခဲ့ပါတယ်။
ထရမ့်ပ်က မြို့တော်အတွင်း ရာဇဝတ်မှုဖြစ်ပွားမှုတွေနဲ့ ပတ်သက်လို့ အိမ်ဖြူတော်မှာ ဩဂုတ်လ ၁၁ ရက်မှာ ပြောကြားမယ်လို့လည်း ဆိုပါတယ်။
အိမ်ဖြူတော် ဒုတိယ အကြီးအကဲ စတီဖင်မေလာက “အမေရိကန်မြို့တော်က ဘက်ဂဒက်ထက်တောင် ပိုပြီး အကြမ်းဖက်မှုတွေများနေသေးတယ်” လို့ပြောခဲ့တာကို ဒီမိုကရက်တစ်တစ်ဦးဖြစ်တဲ့ ဝါရှင်တန်ဒီစီ မြို့တော်ဝန် မစ္စက် မျူရီရယ် ဘေ့ာစ်ဆာက ပြန်လည်ဝေဖန်ခဲ့ပါတယ်။
ဘော့စ်ဆာက “ဝါရှင်တန်ဒီစီကို စစ်ဒဏ်ကြောင့် မွဲတေနေတဲ့နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်နဲ့ နှိုင်းယှဉ်ရေးသားတာကတော့ ချဲ့ကားလွန်းရာ ရောက်ပြီး မှားလည်းမှားနေပါတယ်” လို့ ပြောခဲ့ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ အိုးမဲ့အိမ်မဲ့တွေ လျော့ကျရေးဆောင်ရွက်နေတဲ့ Community Partnership ဆိုတဲ့အဖွဲ့ကတော့ လူဦးရေအားဖြင့် ၇၀၀,၀၀၀ ကျော်သာရှိတဲ့ ဝါရှင်တန်ဒီစီမှာ အိုးမဲ့အိမ်မဲ့တွေက ၃,၇၈၂ ဦးအထိရှိတယ်လို့ ပြောခဲ့ပါတယ်။
အများစုက ယာယီတဲတွေထိုးနေကြပြီး ၈၀၀ လောက်ကတော့ လမ်းပေါ်မှာပဲနေကြတယ်လို့ အဲဒီအဖွဲ့ကဆိုပါတယ်။
Ref- CNBC



