MT News

Written by Nay Moe

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် NLD အစိုးရအဖွဲ့ဝင်ဟောင်းများ လာဘ်စားမှုကြောင့် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်နှင့် ကျပ် ၃၆၁ ဘီလျံကျော် နစ်နာခဲ့ပြီး နိုင်ငံတိုးတက်သင့်သလောက် မတိုးတက်ခဲ့ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။

ဦးသိန်းစိန် အစိုးရလက်ထက် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် ပျမ်းမျှ GDP တိုးတက်မှုနှုန်းသည် ၇ ဒသမ ၂၆ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂,၀၉၆.၈၈ သန်း( ၁၂ ဒသမ ၀၉၇ ဘီလျံခန့်)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း (အမှန်ဝင်ရောက်မှု) အမေရိကန်ဒေါ်လာ ၁၁,၆၂၈.၁ သန်း (၁၁ ဒသမ ၆၃ ဘီလျံခန့်) ရှိခဲ့သည်။

ထို့အတူ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၈(၆ လ) ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာရေးနှစ်တွင် (အနုတ်)၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည့်အတွက် ပျမ်းမျှ GDP တိုးတက်မှုနှုန်းသည် ၃ ဒသမ ၃၈ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေပေါင်း အမေရိကန်ဒေါ်လာ ၁၂,၆၁၄.၁၇ သန်း(၁၂ ဒသမ ၆၁ ဘီလျံကျော်)၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်း (အမှန်ဝင်ရောက်မှု) အမေရိကန် ဒေါ်လာ ၁၄,၉၆၁.၃ သန်း (၁၄ ဒသမ ၉၆ ဘီလျံကျော်) ရှိခဲ့ရာ အဆိုပါအချက်အလက်များအရ ကုန်သွယ်မှုလိုငွေအများအပြားရှိခဲ့ပြီး တိုင်းပြည်အတွက် စိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု တပ်ချုပ်က ပြောကြားသည်။

NLD အစိုးရ၏ ဒီမိုကရေစီဒုတိယသက်တမ်းကာလတွင် ပြည်တွင်း၊ ပြည်ပချေးငွေများ များပြားမှုရှိခဲ့သည့်အပြင် နိုင်ငံတော်အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဖြိုးမင်းသိန်းထံမှ တံစိုးလက်ဆောင်ရယူမှုများ အပါအဝင် အဂတိမှု ၉ မှု ကျူးလွန်ခဲ့သည့်အတွက်ကြောင့် အမေရိကန် ဒေါ်လာ ၄,၁၀၆,၃၁၆ ( ၄ သန်းကျော်) နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ ကျပ် (၄၉,၂၀၆ သန်းကျော်)၊ သမ္မတဟောင်း ဦးဝင်းမြင့်မှ အဂတိလိုက်စားမှု ၅ မှုဖြင့် အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ နှင့် မြန်မာငွေကျပ် ၂၃,၀၄၈,၁၈၆,၀၆၅.၇၅( ၂၃,၀၄၈ သန်းကျော်) အပါအဝင် NLD ပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်းများ ၂၀ ဦး၊ ပါတီဝင် မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ ဦး၊ ပါတီဝင် မဟုတ်သည့် ဝန်ကြီး ဟောင်း ၃ ဦးတို့ ကျူးလွန်ခဲ့သည့် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်မှ ဆုံးရှုံးခဲ့မှုမှာ အမေရိကန်ဒေါ်လာ ၁၃,၁၀၉,၉၀၈ (၁၃ သန်းကျော်) ၊ မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ ဘီလီယံကျော်) ဆုံးရှုံးနစ်နာခဲ့သည်ဟုလည်း တပ်ချုပ်က ဆိုသည်။

ထိုအခြေအနေတို့သည် တရားရုံးအသီးသီးတို့၌ ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့သည့် အမှုများ၏ အခြေအနေဖြစ်ကြောင်း၊ အဂတိ လိုက်စားမှုကိစ္စများကြောင့် သာမက မလျော်မကန်သည့် အာဏာသုံး ဆောင်ရွက်မှုများကြောင့် တိုင်းပြည်၏ စီးပွားရေးသည် များစွာထိခိုက်နစ်နာဆုံးရှုံးခဲ့မှုများရှိခဲ့ပြီး တိုင်းပြည်သည်လည်း တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပါက နောက်ကျ ကျန်ရစ်ခဲ့မှုများ ရှိခဲ့ကြောင်းလည်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *