နေမိုး
၁၂. ၇. ၂၀၂၅
ရွေးကောက်ပွဲသုံးကြိမ်ဆက် အနိုင်ရရှိဖူးသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဖူးသူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် ယမန်နေ့က တောင်ယာလုပ်ငန်းခွင်အတွင်း လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် ပြောင်းခြံသို့သွားစဉ် အမည်မသိရသေးသော လက်နက်ကိုင်များး လုပ်ကြံခြင်းခံရပြီး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးစိုင်းငေါင်းဆိုင်ဟိန်းသည် (၁၁. ၇. ၂၀၂၅) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် ၎င်းပိုင်တောင်ယာခြံအတွင်း လုပ်ငန်းများလုပ်ကိုင်နေစဥ် အကြမ်းဖက်သေနတ်သမားမှ လုပ်ကြံပစ်ခတ်ခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါသည်။ ဦးစိုင်းငေါင်းဆိုင်ဟိန်း အေးချမ်းရာဘုံဘဝသို့ ရောက်ရှိခံစားစံစားနိုင်ပါစေ…” ဟုလည်း ချယ်ရီမြေ USDP Page က အသိပေးထားသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၁ ဖြစ်စဥ်နောက်ပိုင်း ပါတီဝင်အနည်းဆုံး ၂၀၀၀ ကျော် သတ်ဖြတ်ခံထားရသည့် ပါတီဖြစ်သလို ယခု ဦးစိုင်းငေါင်းဆိုင်ဟိန်းကို လုပ်ကြံသည့်အဖွဲ့အစည်းကလည်း ဝန်ခံလာခြင်းမရှိသေးချေ။
အသတ်ခံရချိန်တွင် အသက် ၆၂ နှစ်အရွယ်ရှိနေပြီဖြစ်သည့် ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် ကျောင်းဆရာတစ်ဦးဖြစ်ခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမျိုးဘာသာ ခွဲခြားခြင်းမရှိဘဲ အားကြိုးမန်တက်လုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် စနစ်တကျပေါ်ထွန်းခဲ့သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သလို မဲမသမာမှုကြောင့် ပယ်ဖျက်ခံရသော ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ကာ မကြာမီကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဥ်ပြိုင်ရန်ပြင်ဆင်နေသူဖြစ်ကြောင်း ကြားသိရသည်။



