၁၂.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်ပ်ဆီကနေ အမေရိကန်နဲ့ ကုန်သွယ်မှုမှာ သက်ဆိုင်ရာနိုင်ငံတွေအတွက် သူတို့ရဲ့ပို့ကုန်တွေကို ကုန်သွယ်စည်းကြပ်ခွန် ရာခိုင်နှုန်းမည်မျှ အမေရိကန်အစိုးရက ကောက်ခံသွားမယ်လို့ အကြောင်းကြားသဝဏ်လွှာတွေကို လက်ခံရရှိခဲ့ကြပြီးတဲ့နောက်မှာတော့ နိုင်ငံအများစုရဲ့ခေါင်းဆောင်တွေအဖို့ ကြီးမားစွာခေါင်းခဲစေတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် ပြဿနာပတ်လည်ဝိုင်း၊ အထီးကျန်ပြုခံရပြီး ပုပ်ခတ်မှုတွေခံနေရတဲ့ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက်မှာတော့ ထရန့်ရဲ့ တရားဝင်ပေးစာက သူ့ကို အမေရိကန်အစိုးရအနေနဲ့ တရားဝင်အသိအမှတ်ပြုတာလို့ ယူဆဖွယ်ရာဖြစ်ခဲ့ရပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇူလိုင်လ ၇ ရက်မှာ လက်ခံရခဲ့တဲ့ ထရမ့်ပ်ရဲ့ ပေးပို့စာအရ နှစ်နိုင်ငံညှိနှိုင်းမှုတွေလုပ်သွားမယ်ဆိုတာလည်းမြန်မာအစိုးရက ပြောခဲ့ပါတယ်။

ထရမ့်ပ်ရဲ့စာအရ အမေရိကန်အစိုးရက မြန်မာနိုင်ငံက ပို့ကုန်တွေကို ကုန်သွယ်စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်း အမေရိကန်ကကောက်ခံသွားမယ်လို့ဆိုပြီး ဩဂုတ်လ ၁ ရက်မှာ စတင်အကျိုးသက်ရောက်မှာပါ။ ဒီစာပေးပို့မှုကို နား လည်ကြောင်းနဲ့ ထရမ့်ပ်ရဲ့ဆောင်ရွက်ခဲ့မှုတွေအတွက် ရိုးသားစွာ ကျေးဇူးတင်တယ်ဆိုတာ နိုင်ငံပိုင်သတင်းစာဖြစ်တဲ့ Global New Light of Myanmar က ဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေက မြန်မာနိုင်ငံရဲ့ နစကအစိုးရကို အသိအမှတ်ပြုခဲ့ကြတာမဟုတ်ပါဘူး။ နစကအနေနဲ့လည်း ပြည်တွင်းမှာ စစ်ပွဲကိုရင်ဆိုင်နေရတာ ငါးနှစ်ရှိပါပြီ။ ဒီမိုကရေစီဘက်တော်သားဆိုသူတွေနဲ့ လူ မျိုးစု လက်နက်ကိုင်တွေရဲ့ ပုန်ကန်မှုကို မြန်မာ့တပ်မတော်က တစ်နိုင်ငံလုံးမှာ ရင်ဆိုင်နေရတာပါ။ ဒီမှာ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့ဆိုသူတွေက မြန်မာအစိုးရကို အာဏာဖက်တွယ်ပြီး နေတယ်လို့ စွပ်စွဲနေကြပါသေးတယ်။
အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ ဥရောပသမဂ္ဂတို့ကလည်း မြန်မာနိုင်ငံအပေါ်ပိတ်ဆို့မှုတွေပြုပြီး အထီးကျန် ဖြစ်စေဖို့ မြန်မာအစိုးရကိုယ်စားလှယ်တွေကို ကမ္ဘာ့အလည်မှာ ပါဝင်ဖို့ ကန့်သတ်မှုတွေ ပြုခဲ့ပါသေးတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုက မြန်မာနိုင်ငံမှာ သံအမတ်အဆင့်နဲ့ ဆက်သွယ်ရေးကိုလည်း လျှော့ချခဲ့ကြပါတယ်။

ဒါပေမယ့် ထရမ့်ပ်ရဲ့ပေးစာမှာတော့ မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးမှာ ဆက်လက်ပူးပေါင်း ဆောင်ရွက်ဖို့ ဖိတ်ခေါ်မှုကို အားပေးဖော်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အမေရိကန်အစိုးရနဲ့ ဆွေးနွေးဖို့ အဆင့်မြင့်ဆက်သွယ်ရေးအဖွဲ့စေလွှတ်ဖို့ရှိတယ်ဆိုတာ ပြောခဲ့ပြန်ပါတယ်။ ဒ့ါ ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို အမေရိကန်အစိုးရအနေနဲ့ ဖြေလျှော့ ပယ်ဖျက်မှုတွေ ပြုလုပ်ပေးဖို့ သူ့ရဲ့ ထရမ့်ပ်ထံ ပြန်ကြားစာမှာ ဆိုခဲ့ပါတယ်။ ဒါတွေက အကျိုးစီးပွားမျှဝေမှုနဲ့ နှစ်နိုင်ငံစလုံးနဲ့ နှစ်ဖက်ပြည်သူတွေရဲ့ ကြွယ်ဝချမ်းသာမှုကို အနှောင့်အယှက်ဖြစ်စေမယ်လို့လည်းဆိုခဲ့ပါတယ်။
ဒါ့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတထရမ့်ပ်ကို အမျိုးသားကြွယ်ဝချမ်းသာမှုအတွက်ာ တကယ့်မျိုးချစ်စိတ်အစစ်အမှန်နဲ့ နိုင်ငံကိုခေါင်းဆောင်သူအဖြစ် ချီးကျူးပြောကြားခဲ့ပြန်ပါတယ်။ ထရမ့်ပ်က မြန်မာအစိုးရကို ဆန့်ကျင်ရေးသားမှုတွေပြုနေတဲ့ VOA နဲ့ RFA တို့လိုသတင်းဌာနတွေကို ထရမ့်ပ်အစိုးရက အထောက်အပံ့တွေဖြတ်ခဲ့လို့ အထူးကျေးဇူးတင်တယ်လို့တောင် ပြောခဲ့ပါသေးတယ်။
ဒါတင်မကသေးပါဘူး။ ထရမ့်ပ်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲလိမ်ခံခဲ့ရတယ်လို့စွပ်စွဲခဲ့မှုအတိုင်း မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲက မဲလိမ်မှုတွေဖြစ်ခဲ့လို့ မြန်မာ့တပ်မတော်က ခေတ္တအာဏာထိန်းထားရတယ်ဆိုတာ ထရမ့်ပ်ထံပြန်စာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ရဲ့ ခေါင်းဆောင်နှစ်ဦးအကြား တွေ့ရခဲလှတယ်ဆိုရမယ့် တရားဝင်ဆက်သွယ်မှုနဲ့ ပြောကြားမှုတွေက နှစ်နိုင်ငံဆက်ဆံရေးမှာ ကဏ္ဍသစ်ပြန်လည်ဖွင့်လှစ်ဖို့ရှိလေမလား ယူဆရပါတော့တယ်။
Ref- CNN
