၁၂. ၇. ၂၀၂၅
Translated by Nay Moe
KNU/KNLA နှင့် PDF ထိုးစစ်ကြောင့် နာမည်ကျော် ဥကရစ်ထစခန်းကို ယနေ့တွင် လက်လွှတ်လိုက်ရပြီး တပ်မတော်သား ၁၀၀ ခန့်နှင့် ပြည်သူ ၅၀၀ နီးပါး ထိုင်းနိုင်ငံဘက်သို့ ယာယီတိမ်းရှောင်လာသည်ဟု Khaosod သတင်းဌာနက ယခု ဖော်ပြသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ရတ်ချာ့မနူစစ်ဆင်ရေးတပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူးကြီး နတ်တခွန်း ရွမ်သစ်က ယနေ့မွန်းလွဲပိုင်းတွင် KNLA နှင့် PDF ပူးပေါင်း လက်နက်ကိုင်များသည် ဥကရစ်ထစခန်းကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြေပြင်တပ်ဖွဲ့များဖြင့် ချဉ်းကပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်သားများက ပြန်လည်ခုခံရန် ကြိုးပမ်းခဲ့ပြီး စခန်းကိုကာကွယ်ရန်အတွက် မီးကျည်အကူအညီများ တောင်းခံခဲ့သော်လည်း ခုခံနိုင်ခြင်းမရှိခဲ့ပေ။

ရလဒ်အနေဖြင့် တပ်မတော်သား ၁၀၀ ခန့်သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဥကရစ်ထစခန်းမှ ဆုတ်ခွာကာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်၊ ဝါလီမြို့သစ်၊ ဘန်ဝါလီတိုင်ဒေသရှိရာ ထိုင်းဘက်ခြမ်းသို့ ကူးပြောင်းဝင်ရောက်ခဲ့ကြသည်။
ထို့ကြောင့် နရဲစွမ်တပ်ဖွဲ့ လက်အောက်ရှိ ရတ်ချာ့မနူစစ်ဆင်ရေးတပ်ဖွဲ့သည် ၎င်းတို့အား ထိန်းချုပ်ကာ လက်နက်ဖြုတ်သိမ်းခြင်း၊ လုံခြုံရေးစစ်ဆေးခြင်း၊ ဒဏ်ရာရရှိသူများကို ဆေးကုသပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လိုအပ်သောလုပ်ထုံးလုပ်နည်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုအပြင် တိုက်ပွဲများကြောင့် မြန်မာနယ်စပ်နေထိုင်သူ ၄၆၇ ဦးသည် တာ့ခ်ခရိုင်၊ ဖုတ်ဖရာ့မြို့နယ်ရှိ ယာယီဘေးကင်းရာဒေသသို့ ဝင်ရောက်လာခဲ့သည်။ ထိုသူများကိုလည်း ရတ်ချာ့မနူ စစ်ဆင်ရေးတပ်ဖွဲ့သည် ဒေသခံအုပ်ချုပ်ရေး၊ ရဲအရာရှိများ၊ နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးလျက်ရှိသည်။
လက်ရှိတွင် ရတ်ချာ့မနူ အထူးတပ်ဖွဲ့သည် နယ်စပ်လှည့်ကင်းများကို တိုးမြှင့်ကာ မီးကျည်အကူအညီများကိုလည်း အရေးပေါ်အစီအစဉ်များအရ ကြိုတင်သတ်မှတ်ထားသော နေရာများသို့ ချထားလျက်ရှိပြီး ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်နှင့် ဒေသခံပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ၂၄ နာရီပတ်လုံး အပြည့်အဝသေချာစေရန် ဆောင်ရွက်လျက်ရှိသည်။
Ref, Khaosod & AEC News
