၁၂.၇.၂၀၂၅
Written by Thiri
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၉) မိုင်မှ (၁၇၆) မိုင်ကြား အမြန်လမ်းမကြီး မန္တလေး – ရန်ကုန်ဘက်အခြမ်းမှာ မနေ့က ဇူလိုင်၁၁ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ဆွာချောင်းရေမြင့်တက်လာတာကြောင့် ချောင်းဘေးနေထိုင်တဲ့ လယ်စောင့်တဲနဲ့ အိမ်ခြေအနည်းငယ် ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအသင်းတချို့ထံကနေ သိရပါတယ်။
အဆိုပါချောင်းရေလျှံမှုက တောင်ကျချောင်းရေ စီးဝင်တာမို့ ရေအတက်အကျမြန်ပေမယ့် နေပြည်တော်၊ ပျဉ်းမနားဘက်မှာ မိုးရွာသွန်းမှုများရင်တော့ ချောင်းထဲရေစီးဆင်းမှုဆက်လက်ရှိနေနိုင်ပြီး အဆိုပါတောင်ကျချောင်းရေတွေက စစ်တောင်းမြစ်ထဲ စီးဝင်တာမို့ တောင်ငူမြို့ရဲ့ မြစ်ကမ်းနားအနီးရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်းမှာတည်ရှိတဲ့ ရပ်ကွက်နေထိုင်သူတွေကတော့ သတိပြုသင့်တယ်လို့ မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားသလို စိုးရိမ်တကြီးဖြစ်ရမယ့် အခြေအနေမှာတော့ ရှိမနေသေးဘူးလို့ ဆိုပါတယ်။

“ရေကြီးနိုင်တာ သတိထား။ မြစ်ကမ်းဘေးအနိမ့်ပိုင်းနေသူတွေ သတိထား။ ဒါက ဦးစားပေးလုပ်ကြရမှာပါ။ ၂၀၂၄ တိုင်ဖွန်း ရာဂီအကြွင်းအကျန်ဝင်လာတုန်းက ရေကြီးတာလောက် အခြေအနေမဆိုးနိုင်ပါဘူး” လို့ ဦးဝင်းနိုင်က ပြောပါတယ်။
အလယ်ပိုင်းဒေသတွေမှာ ရွာသွန်းနေတဲ့မိုးတွေက မကွေးတိုင်းဘက်ကို တဖြည်းဖြည်းရွေ့နေပြီး ဒီနေ့ ဇူလိုင် ၁၂ ရက် နေ့လယ် ၁၂နာ၇ီ ၃၀ မိနစ် ကနေ ဇူလိုင် ၁၃ ရက် နေ့လယ် ၁၂နာရီ ၃၀ မိနစ်အထိ ၂၄ နာရီအတွင်း မကွေးတိုင်းအတွင်း မိုးအသင့်အတင့်ကနေ မိုးများနိုင်တဲ့ဒေသတွေက ပင်းမြို့၊ နတ်မောက်မြို့ (ပင်းချောင်း၊ ရင်းချောင်း) ၂၄ နာရီ မိုးရေချိန် ၂ ဒသမ ၄ လက်မမှ ၃ ဒသမ ၃ လက်မအထိရွာသွန်းနိုင်သလို ပေါက်၊ ကမ္မ စတဲ့မြို့နယ်တွေမှာလည်း ၂၄ နာရီအတွင်း မိုးရေချိန် ၁ ဒသမ ၅ လက်မ အသီးသီးရွာသွန်းနိုင်တယ်လို့ ဦးဝင်းနိုင်က လေ့လာတွေ့ရှိချက်ကို ခန့်မှန်းအသိပေးထားပါတယ်။
“အခု ဆွာချောင်း ရေကြီးနေပြီး စစ်တောင်းထဲ စီးဝင်နိုင်ပေမယ့် တောင်ငူနဲ့ ပဲခူးရေကြီးနိုင်ခြေက မိုးက မကွေးတိုင်းဘက် ရွေ့နေပြီမို့ စိုးရိမ်ကြီးစရာ မရှိဘူး။ မိုးရေချိန်လည်း အရမ်းကြီးမများဘူး။ မိုးအလွန်များတာက ၂၄ နာရီအတွင်း ၅ လက်မအထက်ရွာမှ မိုးများတာကြောင့် စိုးရိမ်ရတဲ့အခြေအနေကိုတော့ မတွေ့သေးပါဘူးဗျာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ဇူလိုင် ၁၁ ရက် ည ၆ နာရီခွဲမှ ဇူလိုင် ၁၂ ရက် ည ၆ နာရီခွဲ ၂၄ နာရီအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကာ မိုးများနိုင်တဲ့ ဒေသတွေလည်းရှိနိုင်ကာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းကယားပြည်နယ်မှာ မိုးအသင့်အတင့် ရွာသွန်းနိုင်သလိူ ၂၄ နာရီအတွင်း မိုးရေချိန် ၁ ဒသမ ၂ လက်မ ကနေ ၂ ဒသမ ၅ လက်မအတွင်းရှိနိုင်ကာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်တို့မှာလည်း
နေရာကွက်ကာ မိုးများနိုင်ပါတယ်။ ဒါ့အပြင် ၂၄ နာရီ အတွင်း မိုးရေချိန် ၅ လက်မ အထက် ရွာသွန်းနိုင်တဲ့ နေရာတွေက နေပြည်တော် – ပျဉ်းမနား၊ တပ်ကုန်း၊ မန္တလေးတိုင်း – ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ တောင်သာ၊ မလှိုင်၊ မြင်းခြံ၊ ငါ့သရောက်၊ ညောင်ဦး စတဲ့ မြို့တွေလို့ မိုးလေဝသနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က အသိပေးထားပါတယ်။
