၁၂.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်း ဗားမောင့်ပြည်နယ်၏ ကျေးလက်ပိုင်းတွင်နေထိုင်ကြသော ပြည်သူများမှာ ဇူလိုင်လ ၁၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရုတ်တရက်ရေလွှမ်းမိုးမှုနှင့် ကြုံခဲ့ကြရပြီး အိမ်များလည်းထိခိုက်ပျက်စီးကာ လမ်းများမှာလည်း ရေကြီးမှုကြောင့် ပျက်စီးခဲ့ရကြောင်း သိရသည်။
ပြည်နယ်အတွင်း ဇူလိုင်လ ၁၀ ရက်ကပင် နာရီအနည်းငယ်ကြာ မိုးရေချိန် ငါးလက်မရောက်သည်အထိ စတင်ရွာသွန်းခဲ့ပြီး ဇူလိုင်လ ၁၁ ရက်တွင်မူ သည်းထန်စွာရွာသွန်းခဲ့ရာ ကျေးလက်ပိုင်းများ၌ ဤကဲ့သို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ခြင်းဖြစ်သည်။
မြို့ငယ်လေးတစ်မြို့ဖြစ်သောဆတ်တုံမြို့ (Sutton) တွင် ဒေသတွင်းစီးဆင်းနေသည့် ချောင်းငယ်လေးတစ်ခုက ကမ်းပါးများကိုလျင်မြန်စွာ ရေကျော်လွန်၍ အနီးရှိအဆောက်အအုံများမှာ ရေပတ်လည်ဝိုင်းနေခဲ့ကြောင်း၊ အိမ် ၂၀ နီးပါးမှာ ရေလွှမ်းမိုးမှုကြောင့် အဆက်အသွယ်ပြတ်သွားခဲ့ရကြောင်း ဒေသခံ မီးသတ်တပ်ဖွဲ့အကြီးအကဲ ကီးလ်ဆီမောက ပြောခဲ့သည်။ မီးသတ်တပ်ဖွဲ့ဝင်များက အိမ်နှစ်အိမ်အတွင်းမှ လူများကို ကယ်ဆယ်ခဲ့ရကြောင်းလည်း သိရသည်။
ကီးလ်ဆီမောက “ရေစီးကအရမ်းသန်ပြီး မြန်လည်းမြန်လွန်းတော့ လမ်းတွေက မြေအောက်မြောင်းတွေ၊ ချောင်းတွေ၊ မြစ်တွေ အားလုံးလျှံတက်လာတာပဲ။ မိုးကသည်းထန်စွာရွာသွန်းခဲ့တာမှာကို ရေကြီးမှုက သုံးနာရီလောက်ကြာအောင်ဖြစ်နေခဲ့တာ” ဟု ပြောခဲ့သည်။
ဗားမောင့်ပြည်နယ်အတွင်း အက်ဒီဆန်ခရိုင်၌လည်း မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်မှုများကြောင့် အထက်တန်းကျောင်းတစ်ကျောင်း၏ အမိုးများလန်သွားခဲ့ရကြောင်း သိရသည်။
Ref- The Independent




