၁၂. ၇. ၂၀၂၅
Written by Nay Moe
TNLA, KNU, KIA နှင့် PDF လက်နက်ကိုင်များက အများပြည်သူနေထိုင်ရာ မြို့ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း တစ်ဦးသေဆုံးပြီး ပြည်သူကိုးဦး ဒဏ်ရာရရှိမှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်များမှာ ဇူလိုင် ၈ ရက် ည ၉ နာရီ ၅၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်သို့ KIA နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီ ရုံးဝင်းအတွင်းရှိ သွပ်မိုး/ပျဉ်ကာ ခြောက်ခန်းတွဲ နေအိမ်လိုင်းခန်းပေါ်သို့ လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်လိုင်းခန်းအတွင်း နေထိုင်သူများဖြစ်ကြသည့် ဒေါ်မေရီဇင်အောင် (၃၄)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အဆိုပါရုံးမှ ယာဉ်မောင်း ဦးသန်းထိုက်စိုး(၃၃)နှစ်၊ ဒေါ်အေးအေးခိုင်(၄၇)နှစ်နှင့် ဒေါ်နွဲ့ကြည်(၆၂)နှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့အတူ ဇူလိုင် ၉ ရက် နံနက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရှောက်ခြုံကျေးရွာသို့ TNLA အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအနီးသို့ လက်နက်ကြီး ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ကိုဉာဏ်လင်းအောင်(၂၅)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဇူလိုင် ၉ ရက် နံနက် ၉ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကော့လိုင်ကျေးရွာသို့ PDF အဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်ပပခိုင်(၃၈)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ရသည်။
ယင်းအပြင် ဇူလိုင် ၁၀ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ အမှတ်(၄) ရပ်ကွက်သို့ KNU အဖွဲ့နှင့် PDF များက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်ဝါ(၅၅)နှစ်၊ ဒေါ်မဲ(၅၂)နှစ်နှင့် ကိုစောကံဝင်းသိန်း(၂၉)နှစ် တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျုံဒိုးတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များအပြင် ဇူလိုင် ၁၀ ရက် ည ၈ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်နေ ဦးကျော်ဇင် (၃၀)နှစ်အား ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် နံနက် ၁၁ နာရီတွင် ရွှေဘိုမြို့အနောက်ဘက် ငါးမိုင်ခန့်အကွာရှိ ကျွန်းတောအတွင်းရှိ ရေကန်၌ ငါးမျှားနေစဉ် PDF များက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။









