၁၂. ၇. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့တွင် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်ခဲ့သော လာအိုနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့၏ နိုင်ငံ့အကြီးအကဲများထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်အခါသမယတွင် SAC ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံသမ္မတ မစ္စတာထောင်လွန်းဆီဆုလစ်၊ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာဆုံဆိုင်းဆီဖန်ဒုံတို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။
ထို့ပြင် SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စစ်ပါနီးယာထော်တူးတို့သည် လည်းကောင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန်ဖုန်ဗီဟေးတို့ သည်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၇၀) ပြည့်အထိမ်းအမှတ် အခါသမယတွင် SAC ဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက်ပရယ်ဘိုရိုနစ်နိုရိုဒွန် သီဟာမိုနီ၊ ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက်အာခါ မိုဟာဆီနာပါတိုင်းတဲ့ချို ဟွန်ဆင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်မဟာပဝရဓိပတိ ဟွန်မာနိုက်တို့သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်းတို့သည်လည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန် ပေးပို့ခဲ့ကြသည်။


