၁၂.၇.၂၀၂၅
Written By Thandar
အနုပညာလောကမှာ ရုပ်ရှင်ဇာတ်ကားတွေမှာပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသားနေလကတော့ ရုပ်ရှင်လောကသားတွေကို တစ်ဖက်တစ်လမ်းက ကျေးဇူးဆပ်တဲ့အနေနဲ့ ရုပ်ရှင်အစည်းအရုံး အသင်းဝင်ကတ်ပြသပေးနိုင်သူတွေကို ကျန်းမာရေးဆေးကုသမှုတွေ အခမဲ့ကုသပေးသွားမယ်လို့ ဆိုပါတယ်။
“ကျွန်တော့်ဘဝအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်ကို ဆေးတက္ကသိုလ်မှာသာမက ရုပ်ရှင်လောကမှာလည်း အချိန်တစ်ခုအထိ လေ့လာဆည်းပူးခဲ့ ကျင်လည်ခဲ့ဖူးပါတယ်။ အခု ကျွန်တော် ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နိုင်တဲ့ အချိန်ရောက်တဲ့အချိန်မှာ ရုပ်ရှင်လောကမှာ မကျင်လည်တော့ပေမယ့်လည်း တတ်အားသရွေ့ ရုပ်ရှင်လောကသားတွေကို အထောက်အပံ့ပြုနိုင်ဖို့အတွက် ဒီအစီအစဉ်လေးကို အကောင်အထည် ဖော်လိုက်တာပါ”လို့ သရုပ်ဆောင်နေလ@ ဒေါက်တာနေလက MT Entertainment ကိုပြောပါတယ်။
အဆိုပါ ရုပ်ရှင်အစည်းအရုံးဝင်ကတ်ပြားကို ပြသပြီး ဆေးကုသမှု အခမဲ့ခံယူနိုင်မယ် အစီအစဉ်အနေနဲ့ မင်္ဂလာ ၂၄ နာရီ ဆေးခန်းရှိတဲ့ ရန်ကုန်မြို့တွင်းရှိ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့မှာ သွားရောက် ဆေးကုသမှုခံယူနိုင်တယ်လို့ သိရပါတယ်။
“ဒီအစီအစဉ်က ကျွန်တော်တတ်အားသရွေ့ စဉ်ဆက်မပြတ် အခမဲ့ဆေးကုခွင့်ရအောင်လည်း ကြိုးစားသွားမှာဖြစ်ပါတယ်။ ရုပ်ရှင်အစည်းအရုံးဝင်တွေအနေနဲ့ ကိုယ်နဲ့ နီးစပ်တဲ့ မြို့နယ်အလိုက် သွားရောက်ဆေးကုသနိုင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။
ရုပ်ရှင်အစည်းအရုံးဝင်တွေကို အခမဲ့ကုသပေးမယ့် အဆိုပါဆေးခန်းတွေကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် (ဃ) ရပ်ကွက်၊ နှင်းဆီကုန်းလမ်းနဲ့ သရဖီလမ်းထောင့် အမှတ် (၅၂) မှာ မင်္ဂလာဆေးခန်း (၁)၊ သန်လျင်မြို့နယ် ဒါရ်ဂါလမ်း၊ ဒါရ်ဂါရပ်ကွက်ရှိ မင်္ဂလာဆေးခန်း(၂) ၊ မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက်၊ ဧရာ (၁၁)လမ်း၊ အမှတ် (၁၂၇)ရှိ မင်္ဂလာဆေးခန်း(၃) နဲ့ ကမာရွတ်မြို့နယ် ဘုရင့်နောင်တာဝါ ၂ (ဂရန်းဟံသာဆေးရုံရှေ့ ယခင် ABC ဆေးခန်းနေရာ) အမှတ် (၀၀၁) ရှိ မင်္ဂလာဆေးခန်း(၄) တို့ကို ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။ မင်္ဂလာ(၂၄)နာရီ ဆေးခန်းတွေကို ဆေးသမှုခံ ယူလိုပါက ကြိုတင်ဘိုကင်ရယူဖို့အတွက် ဖုန်း 09950678123 ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
သရုပ်ဆောင်နေလကတော့ ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဥပါဒါန် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖူးခဲ့သူလည်းဖြစ်ပါတယ်။
#နေလ #NayLa #DrNayLa #Mingalar24Clock
#ရုပ်ရှင်အစည်းအရုံးအသင်းဝင်များ #ဆေးကုသမှုအခမဲ့
#ဒေါက်တာနေလ #မင်္ဂလာ၂၄နာရီဆေးခန်း



