၁၂.၇.၂၀၂၅
Written By Zun
ထိုင်းနိုင်ငံက စက်ရုံတစ်ခုတွင် ဒဏ်ရာရရှိခဲ့သည့် မြန်မာအလုပ်သမားတစ်ဦးကို ကျန်းမာရေးအာမခံမရှိဟုဆိုကာ ဆေးကုမပေး၍ သေဆုံးခဲ့ရသည့်အတွက် မြန်မာလုပ်သား ၁၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ယင်းစက်ရုံမှာ ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီခရိုင်ရှိ ဇွန်းခက်ရင်းထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး စက်လည်ပတ်နေချိန်၌ စက်ရုပ်လက်တံထိမှန်ခဲ့ကာ မြန်မာအလုပ်သမားများထဲမှ တစ်ဦး ပြင်းထန်ဒဏ်ရာရကာ သေဆုံးမှု ဇူလိုင်လ ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားကို ဆေးရုံကြီးသို့ ပို့ဆောင်ရာ ဆေးရုံကြီးက ကျန်းမာရေးအာမခံမရှိ၍ ဆေးကုသမပေးသည့်အတွက် သွေးထွက်လွန်ကာ ဒဏ်ရာရအလုပ်သမားမှာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ယမန်နေ့ ဇူလိုင်လ ၁၁ ရက် နေ့လယ်ပိုင်းက အတူတူအလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသား အလုပ်သမား ၁၀၀ ကျော်က လုပ်ငန်းခွင်အတွင်း ထိခိုက်မှု၊ ကျန်းမာရေးမကောင်းမှု ဖြစ်ပေါ်လျှင် ဆေးကုသခွင့်ရရှိရေး ကျန်းမာရေးအာမခံပြုလုပ်ပေးရန် ယင်းစက်ရုံတာဝန်ရှိသူများအား ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ လုပ်ငန်းခွင်အတွင်း ဒဏ်ရာရသေဆုံးသည့်ကိစ္စ၊ ကျန်းမာရေးအာမခံကိစ္စအကြောင်းပြု၍ ဆန္ဒပြကြသည့် ကိစ္စတို့အတွက် ပါကျင်ဘူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရုံးက စက်ရုံသို့ သွားရောက်စစ်ဆေးနေကြကြောင်း သိရသည်။







