◾️မိခင်တစ်ဦး ကလေးမွေးဖွားနှုန်း ၂ ဦးအောက် လျော့ကျလာပြီဆိုပါက နိုင်ငံ၏လူဦးရေ တဖြည်းဖြည်း သိသိသာသာ လျော့နည်းကျဆင်းလာမည်ဟုပါ ပြော
၁၂. ၇. ၂၀၂၅
Written by Nyein Kyaw
ကလေးမွေးဖွားနှုန်း အစဉ်တစ်စိုက်ကျဆင်းလာနေသဖြင့် ပြီးခဲ့သည့် ၁၀ နှစ်တာအတွင်း မြန်မာနိုင်ငံတွင် လူဦးရေတိုးပွားလာခြင်းမရှိသည်ကို တွေ့ရှိရ၍ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပရွှေ့ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇူလိုင် ၁၁ ရက်တွင် ပြုလုပ်သည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည်။
မိမိတို့ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုကို လေ့လာကြည့်မည်ဆိုပါက ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် လူဦးရေ ၅၆ ဒသမ ၂ သန်းခန့် ဖြစ်လာမည်ဟု ခန့်မှန်းခဲ့ကြကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ လက်ရှိလူဦးရေတွင် ၅၁ ဒသမ ၃ သန်း ကျော်သာရှိသည်ကို တွေ့ရှိရကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ယခင် လူဦးရေတိုးနှုန်းများအရ လူဦးရေတိုးပွားလာရမည်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ (၁၀) နှစ်တာကာလအတွင်းတွင် လူဦးရေတိုးပွားလာခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေတိုးနှုန်းကို တိုက်ရိုက်သက်ရောက်စေသည့် ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ ပြည်ပရွှေ့ ပြောင်းနှုန်းများကို ဆန်းစစ်လေ့လာရန်လိုအပ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားနှုန်းသည် ၄ ဒသမ ၇ ဦးရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ကလေး ၂ ဒသမ ၃ ဦးနှုန်းလောက်ထိ ကျဆင်းလာပြီး ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ မိဘနှစ်ပါး နေရာကိုသာ ပြန်လည်အစားထိုးနိုင်မည့် ၂ ဒသမ ၁ ဦး နှုန်းအောက်ကို ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံ၏ မွေးဖွားနှုန်းသည် အစဉ်တစိုက်ကျဆင်းလာသည်ဖြစ်၍ လက်ရှိတွင်လည်း ပိုမိုကျဆင်းလာခြင်းဖြစ်နိုင်ကြောင်း၊ မိခင်တစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် ၂ ဦးအောက်ကို လျော့ကျလာပြီဆိုပါက မိမိတို့နိုင်ငံ၏ လူဦးရေသည် တဖြည်းဖြည်း သိသိသာသာ လျော့နည်းကျဆင်းလာမည် ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းတွင် မေးခွန်းပေါင်း ၆၈ ခု မေးမြန်းခဲ့ပြီး လူဦးရေဆိုင်ရာ အချက်အလက်များသာမက လူမှုစီးပွားဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်းပြည်ပ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အချက်အလက်များ၊ အိမ်နှင့်အိမ်ထောင်စု အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ မေးမြန်းထားကြောင်း၊ အဆိုပါအချက်အလက်များကို အသေးစိတ်ဆန်းစစ်လေ့လာပြီး မိမိတိုနိုင်ငံ၏ မျက်မှောက်ခြေအနေကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။


