၁၁. ၇. ၂၀၂၅
Written by Nyein Kyaw
သစ်တောဖုံးလွှမ်းမှုများ ကျဆင်းလာသောကြောင့် တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းကျော်သာ ကျန်ရှိတော့သဖြင့် သစ်တောဖုံးလွှမ်းမှုဧရိယာ ၅၀ ရာခိုင်နှုန်းအထိ ပြန်လည်ရရှိစေရေး သစ်ပင်စိုက်ပျိုးမှုများ ကျင်းပ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြောကြားသည်။
မိမိတို့နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုများ ကျဆင်းလာကြောင်း၊ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၀ ရာခိုင်နှုန်း ပြန်လည်ရရှိစေရေး သစ်ပင်စိုက်ပျိုးမှုများကို ကျင်းပပြုလုပ်၍ ကြိုပမ်းဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို လက်ငင်းခံစား၍ မရနိုင်သော်လည်း နောင် ၇ နှစ်၊ ၈ နှစ်ခန့်တွင် ခံစားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်လည်း ယခင်က စိုက်ပျိုးထိန်းသိမ်းခဲ့မှုများကြောင့် သစ်ကြီး ဝါးကြီးများ၏ အရိပ်အာဝါသကို ခံစားရခြင်းဖြစ်ကြောင်း၊ မိမိတို့၏ သားစဉ်မြေးဆက်ကိုလည်း ထိုသို့ ခံစားရစေလိုသည့်စိတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့တွင် အပူပိုင်းဒေသ ၁၃ ခရိုင်၌ ပျိုးပင်ပေါင်း ၃၄,၉၅၀ ပင်အား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယခုနေရာများသည် ယခင်ကတည်းက စိုက်ပျိုးခဲ့သည့် နေရာများဖြစ်ကြောင်း၊ သို့သော် ရှင်သန်မှုများအားနည်းခြင်း၊ ဒေသလိုအပ်ချက်အရ သင်ပင်များ တရားမဝင်ခုတ်ထွင်ခြင်းများကြောင့် ထိုက်သင့်သလောက် အကျိုးမရှိခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပထမဆုံးအကြိမ် ပြုလုပ်သည့် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် စုစုပေါင်းသစ်ပင် ၃၄,၉၅၀ ပင်တို့အား SAC ဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက် စိုက်ပျိုးပေးသည့် မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင် ကာကွယ်တောနေရာ၌ ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ အပူပိုင်းဒေသ ၁၃ ခရိုင်၊ မြို့နယ် ၂၉ မြို့နယ်အတွင်း သတ်မှတ်နေရာအသီးသီး၌ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပပြုလုပ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
