◾ နယူးမက္ကဆီကိုပြည်နယ်၌လည်း အိမ်တစ်လုံးရေစီးတွင်မျောပါ၍ သုံးဦးသေဆုံး
၁၀.၇.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၌ ဇူလိုင်လ ၄ ရက်နံနက်က စတင်ခဲ့သော ရေလွှမ်းမိုးမှုများကြောင့် ခြောက်ရက်မြောက်ဖြစ်သော ဇူလိုင်လ ၉ ရက်ညတွင် ပြည်နယ်အတွင်း ခရိုင်ခြောက်ခု၌ သေဆုံးသူဦးရေမှာ ၁၂၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။ ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသည့် ကားခရိုင်တွင်ဆိုလျှင် လူကြီး ၅၉ ဦးနှင့် ကလေး ၃၆ ဦးတို့အပါအဝင် သေဆုံးသူ ၉၅ ဦးအထိရှိခဲ့ကြောင်း သိရသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက်အက်ဘော့ကလည်း ရေလွှမ်းမိုးမှု၌ ပျောက်ဆုံးနေသူ အနည်းဆုံး ၁၇၃ ဦး ရှိသွားပြီဟု ပြောခဲ့သည်။ ၎င်းက ပျောက်ဆုံးနေသူအားလုံးအား ရှာဖွေတွေ့ရှိသည်အထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။
ရှာဖွေရေးအဖွဲများကလည်း ရေလွှမ်းမိုးသည့်နေရာအားလုံးတွင် ပျောက်ဆုံးနေသူများကို အသေးစိတ် ကြိုးစားရှာဖွေနေကြဆဲဖြစ်သည်။ သို့သော် ၎င်းတို့ကလည်း ပျောက်ဆုံးနေသူများကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိရန် အခွင့်အလမ်းများနည်းပါးလာရကြောင်းလည်း သိရသည်။
ရာသီဥတုခန့်မှန်းချက်များကလည်း ကွက်ကျားမိုးရွာသွန်းမှုများနှင့် မုန်တိုင်းဖြစ်ပွားမှုများက ပြည်နယ်အတွင်း အမှတ် ၃၅ အဝေးပြေးလမ်းကြောင်းနှင့် Hill County ခရိုင်တို့တွင် ဆက်လက်ဖြစ်ပွားနိုင်ကာ နေရာကွက်၍ မိုးကြီးနိုင်သေးကြောင်း ဖော်ပြခဲ့ကြသည်။
အမေရိကန်ပြည်ထောင်စု၏ နယူးမက္ကဆီကို ပြည်နယ်၌လည်း တောင်ခြေရွာလေးတစ်ခုဖြစ်သော ရူဒိုဆိုကျေးရွာ၌ ဇူလိုင်လ ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုတွင် မိသားစုဝင်သုံးဦးနေထိုင်သော အိမ်လေးတစ်လုံးမှာ ရေစီးတွင်မျောပါသွားခဲ့ပြီးနောက် သုံးဦးစလုံးသေဆုံးခဲ့ရကြောင်း သတင်းများကဖော်ပြခဲ့ကြသည်။
ရူဒိုဆိုကျေးရွာမှာ ၂၀၂၄ ခုနှစ်အတွင်းကလည်း တောမီးလောင်ကျွမ်းမှုဒဏ်ကို ခံခဲ့ရကြောင်း သိရသည်။
Ref- NBC News
