◾ မူးယစ်ဆေး အမြောက်အမြားသယ်ယူသည်မှာ သုံးခေါက်လွတ်ခဲ့ပြီး လေးခေါက်မြောက်တွင် ဖမ်းမိဟု PDF များ ဝန်ခံ

နေမိုး
၁၀. ၇. ၂၀၂၅
NUG ဩဇာခံ PDF အဖွဲ့ဖြစ်တဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ သယ်လာတဲ့ စိတ်ကြွဆေးသုံးသန်းခန့်နဲ့ ဘိန်းဖြူတွေကို PDF သုံးဦးနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-ဟားခါးက ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
ဇူလိုင်လ ၈ ရက်မှာ ယင်းမာပင်ခရိုင် အမှတ်(၁၅) တပ်ရင်းမှူး ထောက်ခံစာနဲ့ ဖလမ်းမြိုနယ် ဗားရ်တံတားဆီ Hilux 9K – 1693 ၊ Forland 1J – 6011 ကားနှစ်စီးနဲ့ သယ်ယူလာတဲ့ စိတ်ကြွဆေးပြား ၃ သန်းခန့်အပြင် ဘိန်းဖြူ ၁၁၀ ကီလိုဂရမ်ခန့်ကို ဟားခါးမြို့နယ်အတွင်း ဖမ်းမိခဲ့တာပါ။
မူးယစ်ဆေးဝါးတွေနဲ့အတူ PDF သုံးဦး၊ ယာဉ်မောင်း တစ်ဦး၊ ယာဉ်နောက်လိုက် တစ်ဦး၊ မောင်းပြန် သေနတ် ၂ လက်၊ Mini Starlink နှစ်ခုတို့ကို ဖမ်းမိခဲ့ပြီး မူးယစ်ဆေးဝါးတွေကို ဇူလိုင် ၉ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ် ဆိုပါတယ်။

ဒီလို ကျပ်ဘီလျံချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သယ်ယူပိုဆောင်ရာမှာ တာဝန်ခံဖြစ်တဲ့ PDF တပ်ခွဲမှူးတွေဖြစ်နဲ့ မောင်ဇော်လတ် (ခ)ဝင်းမော်နဲ့ ကိုပုတီး(ခ) ကျော်မင်းဇော်တို့က ထွက်ပြေးတိမ်းရှောင်သွားတယ်လို့လည်းပြောပါတယ်။
ဖမ်းမိသူတွေထဲက ကားဆရာ ကျော်ဟိန်းက မူးယစ်ဆေးတွေကို အိတ်ကြီး ၆၅ အိတ်နဲ့ထည့်လာတယ်လို့ ပြောသလို “ကိုစိုးသူကားကို မောင်းတာပါ။ ကားနံပါတ် 1G/6011 ပါ။ ဆားလင်းကြီးမြို့နယ်ထဲက။ ငွေစာရွာနားထဲဗျ။ သူတို့ အဆောက်အဦလေးတွေရှိတယ်။ အဲဒီနားမှာ။ သူတို့ လူနေတဲ့အဆောက်အဦနဲ့ ပစ္စည်းတွေထားတဲ့အဆောက်အဦ အဲဒီနားမှာရှိတယ်။ အဲဒီနားက သယ်တာ။ သူတို့ အဖွဲ့အစည်းဟာလို့ပြောတယ်။လက်နက်ကိုင်တပ်ဖွဲ့တွေနေတာ။ ကျွန်တော်တို့ကို ပြောပြထားတာက ယင်းမာပင်တပ်ရင်း(၁၅)လို့ ပြောပြထားတယ်ဗျ”လို့ ထွက်ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးနဲ့ ဖမ်းမိ PDF ဖြစ်တဲ့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၄)က ဇော်နောင်က ဒီမူးယစ်ဆေးတွေကို တပ်ခွဲမှူး ကိုပုတီးနေထိုင်ရာနေရာက သယ်လာတာဖြစ်ပြီး ဒီမူးယစ်ဆေးတွေသယ်တာက လေးခေါက်မြောက် ဖြစ်တယ်ဆိုတာနဲ့ လက်ရှိမှာ ယင်းမာပင်ခရိုင်တပ်ရင်း (၁၄) နဲ့ တပ်ရင်း (၁၅) ပေါင်းထားပြီး တပ်ရင်း (၁၄) ရဲ့ တပ်ရင်းမှူးက ကိုဖိုးဇေ၊ တပ်ရင်း (၁၅) ရဲ့ တပ်ရင်းမှူးက ကိုဖိုးသောင်းလို့ ထွက်ဆိုပါတယ်။
ဒါ့အပြင် ဖမ်းမိခဲ့တဲ့ PDF အာကာဖြိုးကလည်း သူဟာ ပခုက္ကူခရိုင်တပ်ရင်း (၁၀) က ဖြစ်ပြီးတပ်ရင်းမှာ မနေတာ ကြာပြီဆိုတာနဲ့ သူဟာ NUG ရဲ့ ပညာရေးကျောင်းဖြစ်တဲ့ YSO CBE 29 ရဲ့ ကျောင်းအုပ်လို့ ထွက်ဆိုပါတယ်။
ဖမ်းမိသူ ခင်ဇော်ဟိန်းဆိုသူကလည်း သူဟာ ရွှေကြက်သွန်ရွာမှာ နေထိုင်တဲ့ NUG လက်အောက်ခံ ပကဖအဖွဲ့ဝင်ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။
NUG ရဲ့ PDF တွေ ပသုံးလုံးတွေဟာ မူးယစ်ဆေးတွေ ရောင်းချဖြန့်ဖြူး သုံးစွဲနေတယ်ဆိုတာ တပ်မတော်ဘက်က သတင်းထုတ်ပြန်စဥ်မှာ လူတချို့က လက်မခံခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ PDF လက်နက်ကိုင်ဖြစ်တဲ့ CDF – Hakha က သက်သေများစွာနဲ့ ထုတ်ပြခဲ့တာဖြစ်သလို ဒီဖြစ်စဥ်တွေနောက်မှာ PDF တွေရဲ့ ဘီလျံထောင်သောင်းချီ မူးယစ်ဆေးဖြန့်ဖြူးမှုတွေ ရှိနေနိုင်သလို ဒီဖြစ်စဥ်ကိုတော့ PDF တွေ ပသုံးလုံးတွေရဲ့ ခေါင်းကိုင်ဖခင် NLD, CRPH နဲ့ NUG တို့က နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
